မြန်မာ့ပြည်ပကြွေးမြီး ဒေါ်လာ ၁၀ ဒသမ ၂၃ ဘီလီယံကျော်ဖြစ်လာမည်


17 August, 2018

ကျေးလက်ဒေသ မီးလင်းရေး စီမံချက်အတွက် ပြည်ပချေးငွေထပ်မံရယူရန် ပြည်ထောင်စုလွှတ်တော်က သဘောတူလိုက်ခြင်းကြောင့် မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်ပကြွေးမြီပမာဏသည်ကန်ဒေါ်လာ ၁ဝ ဒသမ ၂၃၄ ဘီလီယံ ကျော်ရှိလာတော့မည်ဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ကျေးလက်ဒေသ မီးလင်းရေးလုပ်ငန်းအတွက် အီတလီနိုင်ငံထံမှ ယူရို သန်း ၃ဝ ချေးယူရန် သြဂုတ် ၁၃ ရက်က ကျင်းပခဲ့သည့်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သဘောတူလိုက်သည်။ ၎င်းပမာဏသည် သြဂုတ် ၁၅ ရက် ငွေလဲလှယ်နှုန်း ပေါက်ဈေးအရ ကန်ဒေါ်လာ ၃၄ ဒသမ ၂၅ သန်းကျော် (တစ်ယူရိုလျှင် ကန် ၁ ဒသမ ၁၄၁၈ ဒေါ်လာ) တန်ဖိုးရှိနေသည်။

မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီပမာဏသည် ယခု ၂ဝ၁၈ ခုနှစ်၊မတ် ၃၁ ရက်အထိ စာရင်းများအရ ကန်ဒေါ်လာ ၁ဝ ဒသမ ၂ဝ ဘီလီယံအထိရှိနေဆဲဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ဇူလိုင် ၂၃ ရက်လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ တင်ပြထားသည်။

''ပြည်ပချေးငွေရယူတိုင်း နိုင်ငံနစ်နာတာတော့မဟုတ်ဘူး။ ဘယ်ကဏ္ဍတွေမှာအသုံးချမလဲ၊ ဘယ်လောက် အကျိုးရှိမလဲ ဆိုတာကသာ အဓိကကျတယ်။ အခုနောက်ပိုင်းမှာ အစိုးရက ချေးငွေကိုသေသေချာချာစိစစ်ပြီးတော့မှ ခွင့်ပြုလာတာကို တွေ့ရတယ်။ ကျွန်တော်တို့ ကြည့်ရမှာက လုပ်ငန်းတွေကို တကယ်အောင်မြင်အောင် အကောင်ထည်ဖော်လားဆိုတာသာ စောင့်ကြည့်ဖို့ လိုမှာပါ''ဟု NLD စီးပွားရေးအကြံပေးကော်မတီ အဖွဲ့ဝင် ဦးရဲမင်းဦးက ပြောသည်။

၎င်း ယူရိုသန်း ၃ဝ ပြည်ပချေးငွေကို ပြန်ဆပ်ကာလ ၁ဝ နှစ်ဆိုင်းငံ့ခွင့်နှင့် အတိုးမဲ့ချေးငွေဖြစ်နေခြင်းကြောင့်ချေးယူရန် လွှတ်တော်က အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။ ချေးငွေပြန်ဆပ်ခြင်းအတွက်၂ဝ၃၆−၃၇ ဘဏ္ဍာနှစ်မှသာ တစ်နှစ်လျှင် ယူရိုသုံးသန်းနှုန်းဖြင့် ပြန်လည်ပေးဆပ်ရမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။ထို့ပြင် စိုက်ပျိုးထုတ်လုပ်လုပ်ငန်းများ တိုးတက်စေရေးအတွက် လိုအပ်သည့် အထောက်အကူများပေးနိုင်ရန်ဟုဆိုကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အာရှဖွံ့ဖြိုးရေးဘဏ် ADB ထံမှ ကန်ဒေါ်လာ ၄ဝ ဒသမ ၅ သန်း ကိုထပ်မံရယူနိုင်ရေးအတွက်လည်းလွှတ်တော်တွင် အဆိုတင်သွင်းထားသည်။

ADB ချေးငွေအတွက်မူလွှတ်တော်က ခွင့်ပြုအတည်ပြုခြင်း မရှိသေးသော်လည်း လွှတ်တော်အမတ်အများစုက ကန့်ကွက်မှု မရှိကြောင်း ဆွေးနွေးမှုများ ရှိခဲ့သည်။လက်ရှိတွင် မြန်မာနိုင်ငံက ပြန်လည်ပေးဆပ်ရန် ကျန်ရှိကြွေးမြီစာရင်းများအနက် ADB ဘဏ် ချေးငွေ ကန်ဒေါ်လာ ၅၇၂ ဒသမ ၅ဝ သန်း၊ ကမ္ဘာ့ဘဏ်အုပ်စုဝင် နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့ IDA မှ ၁ ဒသမ ၁၉ ဘီလီယံ၊တရုတ်ချေးငွေ ကန်ဒေါ်လာ လေးဘီလီယံကျော်၊ ဂျပန်ချေးငွေ ကန် ၂ ဒသမ ၄၇ ဘီလီယံကျော် ရှိနေသည်။

Myanmar times

Local News Read 742 times