မြန်မာ့ရွှေ ပြည်ပနှင့် တရားဝင်ကုန်သွယ်မှု စတင်နိုင်တော့မည်


16 August, 2018

ရွှေနှင့် ရွှေဖြင့်ပြုလုပ်သော လက်ဝတ်ရတနာအပြင် အခြားအနုပညာပစ္စည်းများကို ပြည်ပသို့တင်ပို့ခြင်း၊ တင်သွင်းခြင်းများအတွက်ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် One Stop Service Center ဖွင့်လှစ်၍ ခွင့်ပြုပေးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။

ရွှေကို ကုန်သွယ်မှုပြုနိုင်ရန်အတွက် လိုအပ်သည့် One Stop Service Center ကို ယခုလကုန် သို့မဟုတ် ရှေ့လဆန်းတွင် ဖွင့်လှစ်မှုစတင်ဆောင်ရွက်ရန် စီစဉ်နေပြီဟု ၎င်းက ပြောသည်။

အဆိုပါ ကုန်သွယ်မှုပြုခွင့်တွင် ဗဟိုဘဏ်နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ဗဟိုဘဏ်မှ စီမံခန့်ခွဲသည့် အဆင့်မီရွှေများပါဝင်မည်မဟုတ်ပဲ ဗဟိုဘဏ်က စီမံခန့်ခွဲခြင်းမရှိသည့် စံချိန်မီ မဟုတ်သော ရွှေများကိုသာ တင်ပို့/တင်သွင်းခွင့်ပြုမည်ဟု စီးပွား/ကူးသန်းမှ တာဝန်ရှိသူက ပြောသည်။

မြန်မာ့ရွှေကို ပြည်ပသို့ တရားဝင်တင်ပို့နိုင်ရေးကို မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းအပါအဝင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လွန်ခဲ့သော နှစ်နှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး ယခုအခါနောက်အဆုံးအဆင့်ရောက်ရှိနေပြီဖြစ်သည်။

ရွှေသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ပပို့ကုန်ထဲတွင် ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ထားသည့် ကုန်စည်တစ်မျိုးဖြစ်သော်လည်း နယ်စပ်ယိုပေါက်များမှ ပတ်ဝန်းကျင်ရှိနိုင်ငံများသို့ ထွက်နေခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်က အခွန်ငွေများဆုံးရှုံးရပြီး အခြားနစ်နာမှုများလည်း ရှိနေခဲ့သည်။ မြန်မာနိုင်ငံပတ်ဝန်းကျင်ရှိ နိုင်ငံအားလုံးမှာ ရွှေကြိုက်နှစ်သက်သည့် နိုင်ငံများဖြစ်သည့်အတွက် မြန်မာနိုင်ငံက ရွှေဝယ်ယူနေကြောင်း၊ ယင်းအတွက်လည်း ယိုပေါက်များရှိနေကြောင်း အမည်မဖော်လိုသည့် ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထို့ကြောင့် ကန့်သတ်ကုန်စည်မှ ပယ်ဖျက်၍ ပြည်ပသို့ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က တရားဝင်ပြောဆိုထားပြီးဖြစ်သည်။

မြန်မာ့ရွှေကို တရားဝင်လမ်းကြောင်းပေါ်မှ ပြည်ပတင်ပို့နိုင်ပါက နိုင်ငံအတွက် လိုအပ်နေသည့် နိုင်ငံခြားငွေများ စီးဝင်လာမည့်အပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးကိုပါ အထောက်အကူပြုနိုင်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း၊ ဥက္ကဌဦးကျော်ဝင်းက ပြောကြားခဲ့ပါသည်။

မြန်မာ့သယံဇာတထဲမှ တစ်ခုဖြစ်သော ရွှေသည် တရားဝင်တင်ပို့မှု လမ်းကြောင်းပေါ်ရောက်လာပါက နိုင်ငံတော်က အခွန်ရရှိလာမည်ဖြစ်ပြီး ပုံမှန်မဟုတ်သော မှောင်ခိုလမ်းကြောင်းက ရောင်းချနေခြင်းထက် ပုံမှန်လမ်းကြောင်းသည် အခွန်အပြင် ပြည်ပသို့ တင်ပို့နေသည့် အချက်အလက် ရရှိလာမည်ဖြစ်သည်။

ထို့အတူ ပို့ကုန်လုပ်၍ရပါက နိုင်ငံတော်လိုအပ်နေသည့် ဒေါ်လာများ ဝင်လာရန်အကြောင်းရှိ၍ ငွေလဲလှယ်နှုန်းများလည်း ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ငွေကြေးခဝါချမှုကိုလည်း အထိုက်အလျောက်ထိန်းသိမ်းနိုင်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း ဦးကျော်ဝင်းက ပြောသည်။

''အခု ဒါတွေက ဘာမှ (effect) မရှိဘူး။ အဂတိတိုက်ဖျက်ရေးအတွက် အန်ကယ်တို့အသင်းက နိုင်ငံတော်နဲ့ ပူးပေါင်းရမယ်။ ပူးပေါင်းဖို့လည်းရှိတယ်။ အခုက ပုံမှန်မဟုတ်တဲ့လမ်းကြောင်းက သွားနေတော့ နိုင်ငံတော်က အခွန်မရတာရှိတယ်''ဟု ၎င်းက လက်ရှိအခြေအနေကို ထောက်ပြသည်။

ပို့ကုန်၊ သွင်းကုန်လုပ်သူအားလုံးကို တရားဝင်လမ်းကြောင်းပေါ် ရောက်လာစေလိုပြီး အခက်အခဲရှိပါကလည်း အသင်းအနေဖြင့် ကူညီပေးမည်ဖြစ်ကြောင်း အရေးကြီးသည်မှာ အားလုံးက အမှန်တကယ်လုပ်ဆောင်ရန်သာ လိုအပ်သည်ဟု ဥက္ကဌက ပြောသည်။

ယခုအခါ မြန်မာနိုင်ငံမှ ရွှေကို အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ဟောင်ကောင်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံများက ကုန်သည်များကလည်း ဝယ်ယူလိုကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းထံ ပြောဆိုထားမှုများရှိသည်ဟု အသင်းဥက္ကဌ ဦးကျော်ဝင်းက ပြောသည်။

ထိုသို့ ပြည်ပမှ ကုန်သည်များက ဝယ်ယူရန် စိတ်ဝင်စားနေသော်လည်း လက်ရှိအနေအထားတွင် ရွှေကို ပြည်ပတင်ပို့ရောင်းချနိုင်ရန် ပို့ကုန်တင်ပို့မည့်သူနှင့် ဝန်ကြီးဌာနကပါ နှစ်ဖက်လုံး အဆင်သင့်မဖြစ်သေးဟု ၎င်းက သုံးသပ်သည်။

''ကုန်သည်တွေဘက်ကလည်း ဘယ်လောက်ပို့မယ်ဆိုပြီး တက်လာတာ မရှိသေးဘူး။ နှစ်ဦးနှစ်ဖက်က တစ်ပြိုင်နက်တည်းလုပ်တော့မှပဲ အဖြေက ထွက်လာမှာ''ဟု ဦးကျော်ဝင်းက ပြောသည်။

One Stop Service Center ပြီးမှ ပြည်ပတင်ပို့ခြင်း၊ တင်သွင်းခြင်းများကို စတင်လုပ်ကြည့်မည်ဖြစ်ပြီး လုပ်ပြီးမှ အခြေအနေသိရမည်ဖြစ်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီး ဌာနက Export လုပ်ပြီဆိုပါက တရားဝင် ဖြေလျော့ပေးမည်ဟု ပြောဆိုထားသော်လည်း စာဖြင့်ထုတ်ပြန်ထားခြင်း တရားဝင်မရှိသေးကြောင်းသိရသည်။

  Myanmar times

Export, Import Read 827 times