မြန်မာနိုင်ငံ၏ အဓိကကျဆုံး PMI အညွှန်း ၁၅ လအတွင်း အမြင့်ဆုံး ဖြစ်ခဲ့


03 September, 2020

ထိုင်းနိုင်ငံတွင် ကျဆင်းမှု ဆက်ခဲ့သော်လည်း အဓိက အကျဆုံး အညွှန်း (၄၉.၇) က ဇန်နဝါရီလမှစပြီး အားအပျော့ဆုံး ဆုတ်ယုတ်မှု နှုန်းကို အချက်ပြနေသည်

အဓိက တွေ့ရှိချက်များ

  • အဓိကအကျဆုံး PMI အညွှန်းမှာ ၅၀.၀ ၏ အောက်နား ၄၉.၀ တွင် ရှိနေခြင်း 
  • စုစုပေါင်း အော်ဒါ အသစ်များမှာ မတ်လမှစပြီး အညင်သာဆုံး နှုန်းဖြင့် 
  • ကျဆင်းခဲ့ခြင်း
  • သို့သော် ပြည်ပမှ ဝယ်လိုအားမှာ ဆက်လက်ပြီး သိသာစွာ ကျဆင်းလာခြင်း

 

(‌ဒေတာကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၂ -၂၄ ရက်များတွင် စုစည်းခဲ့သည်)

 

နောက်ဆုံး IHS Markit ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI™) ဒေတာမှ အာဆီယံ ထုတ်လုပ်ရေး အခြေအနေများမှာ သြဂုတ်လတွင် ခြောက်လအတွင်း အနည်းဆုံး ဆုတ်ယုတ်လာခဲ့ပြီး ခြုံငုံပြောရလျှင် ကဏ္ဍ၏ အခြေအနေမှာ အနည်းငယ်သာ ကျဆင်းခဲ့ကြောင်း အချက်ပြနေသည်။

စက်ရုံ ထုတ်လုပ်မှု တည်ငြိမ်လာခဲ့ပြီး အော်ဒါမှာယူမှု ပမာဏမှာ ကျဆင်းလာခဲ့သည့် လက်ရှိ ခြောက်လတာကာလတွင်း အနည်းဆုံးနှုန်းဖြင့် ကျဆင်းမှု ဖြစ်ပါသည်။ အဓိကကျဆုံး PMI အညွှန်းမှ သြဂုတ်လတွင် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ ခြောက်လ ဆက်တိုက် ဆုတ်ယုတ်လာနေကြောင်းကို အချက်ပြနေသည်။

သို့သော်လည်း အညွှန်းမှာ ဇူလိုင်လ၏ ၄၆.၅ မှ ၄၉.၀ သို့ မြင့်တက်လာခဲ့ပြီး စက်မှုကဏ္ဍသည် တည်ငြိမ်ရေးဆီသို့ ဦးတည်လာသည်နှင့်အမျှ ကျဆင်းမှု နှုန်းမှာ နှေးလာကာ ခြုံပြောရလျှင် ဒသမဂဏန်းမျှသာ ရှိခဲ့သည်။ 

 

 

အဓိကအကျဆုံး အညွှန်း ဦးမော့လာမှုအတွက် စက်ရုံ ထုတ်လုပ်မှု တည်ငြိမ်လာလျက် စုစုပေါင်း အော်ဒါ အသစ်များ ကျဆင်းမှု အားပျော့လာခြင်းက သော့ချက် ဖြစ်ခဲ့ပါသည်။ ရာသီအလိုက် ညှိပေးထားသည့် ထုတ်လုပ်မှု အညွှန်းကို သြဂုတ်လတွင် ၅၀.ဝ အမှတ်တွင် မှတ်တမ်း တင်ခဲ့ခြင်းဖြင့် ခြောက်လ ဆက်တိုက် ကျဆင်းလာခဲ့သည့် စက်မှုထုတ်လုပ်မှုမှာ အပြောင်းအလဲ မရှိခဲ့ကြောင်းကို အချက်ပြနေသည်။ 

ဤအတောအတွင်းအော်ဒါ မှာယူမှု ပမာဏ၏ နောက်ဆုံး ကျဆင်းမှုမှာ မတ်လတွင် စတင်ခဲ့သည့် လက်ရှိ ကျဆင်းမှု အစဉ်ထဲတွင် အားအပျော့ဆုံး မှတ်တမ်း ဖြစ်ခဲ့ပြီး အနည်းငယ်မျှသာဖြစ်သည်။ သို့သော်လည်း နိုင်ငံခြားမှ ဝယ်လိုအားမှာ အားနည်းမှုအတွက် အဓိက အကြောင်းရင်း ဖြစ်မြဲဖြစ်ခဲ့သည်။ အားပျော့လာခဲ့သော်လည်း ပြည်ပ တင်ပို့ရေး အော်ဒါ အသစ်များတွင် ယခုလ၏ ကျဆင်းမှုမှာ သိသာနေဆဲဖြစ်သည်။

 

 

စစ်တမ်းတွင် အကျုံးဝင်သည့် ခုနစ်နိုင်ငံတွင် ထုတ်လုပ်မှု စွမ်းဆောင်ရည်မှာ မညီညာခဲ့ဘဲ နှစ်နိုင်ငံတို့ကသာ သြဂုတ်လတွင် အထွေထွေ အခြေအနေ တိုးတက်လာခဲ့ကြောင်း မှတ်တမ်း တင်ခဲ့ကြသည်။

 မြန်မာနိုင်ငံ၏ အဓိကအကျဆုံး အညွှန်း (၅၃.၂) မှာ ၁၅ လ အတွင်း အမြင့်ဆုံး ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလမှစပြီး ထုတ်လုပ်မှု အမြန်ဆုံး တိုးတက်မှု၏ ပံ့ပိုးမှုကြောင့် လုပ်ကိုင်မှု အခြေအနေများ အသင့်အတင့် ကောင်းမွန်လာခြင်းကို ထောက်ပြနေသည်။

အင်ဒိုနီးရှားမှာ တိုးတက်မှုကို မှတ်တမ်း တင်နိုင်ခဲ့သည့် နောက်တစ်နိုင်ငံ ဖြစ်သော်လည်း အဓိကကျဆုံး PMI အညွှန်း (၅၀.၈) က တိုးတက်မှု အနည်းအကျဉ်းကိုသာ အချက်ပြနေသည်။ 

အခြားနိုင်ငံများအနက် မလေးရှားက ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ အသစ်တဖန် ဆုတ်ယုတ်လာခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။ ယခင်လက ကြားနေအမှတ် ၅၀.၀ မှာ ရှိနေခဲ့သည့် သက်ဆိုင်ရာ အညွှန်းသည် သြဂုတ်လတွင် ၄၉.၃ သို့ နိမ့်ဆင်းသွားခဲ့ပြီး အသင့်အတင့် ကျဆင်းမှုကို ညွှန်ပြနေသည်။

ဤအတောအတွင်း ထိုင်းနိုင်ငံတွင် ကျဆင်းမှု ဆက်ခဲ့သော်လည်း အဓိက အကျဆုံး အညွှန်း (၄၉.၇) က ဇန်နဝါရီလမှစပြီး အားအပျော့ဆုံး ဆုတ်ယုတ်မှု နှုန်းကို အချက်ပြနေသည်။

ပြောင်းပြန် တွေ့မြင်ရသော ဖိလစ်ပိုင်နှင့် ဗီယက်နမ် နိုင်ငံများသည် သြဂုတ်လတွင် လုပ်ကိုင်မှု အခြေအနေများ ပိုမိုသိသာစွာ ကျဆင်းခဲ့မှုကို မှတ်တမ်းတင်ခဲ့ကြသည်။ အဓိက အကျဆုံး အညွှန်းများမှာ ၄၇.၃ နှင့် ၄၅.၇ တို့တွင် ရှိနေခဲ့ပြီး မေလမှစပြီး အများဆုံး ဆုတ်ယုတ်မှုကို အချက်ပြနေသည်။
နောက်ဆုံးအနေနှင့် စင်ကာပူသည် အာဆီယံ PMI အဆင့်အရ အောက်ဆုံး နေရာမှာ ဆက်လက်ရှိနေသည်။ အဓိကကျဆုံး PMI အညွှန်းမှာ ဇူလိုင်လထက် မြင့်တက်လာခဲ့သော်လည်း သြဂုတ်လတွင် ၄၃.၀ မှာ ရှိနေရာ ပါဝင်ကြသည့် ခုနစ်နိုင်ငံအနက် အနိမ့်ဆုံး ဖြစ်ပြီး ထုတ်လုပ်ရေးကဏ္ဍအခြေအနေများတွင် ရှေ့ဆက်၍ သိသာစွာ ကျဆင်းလာနေကြောင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။

ခြုံပြောရလျှင် သြဂုတ်လ ဒေတာက အာဆီယံ စွမ်းဆောင်နိုင်စွမ်းမှာ ပိုကောင်းလာသော်လည်း အားနည်းလျက် ရှိနေသေးခြင်းကို မီးမောင်း ထိုးပြလိုက်သည်။ သို့ဖြစ်၍ ကုမ္ပဏီများသည် ဝန်ထမ်း ဦးရေကို ဆက်လက်ဖြတ်တောက်လျှော့ချခဲ့ကြပြီး ထုတ်ကုန်စွမ်းအား ဆက်ပြီး လွတ်ကျန်နေသေးခြင်းကို ထင်ဟပ်လျက် လက်ကျန် အလုပ်စာရင်းများ သိသာစွာ ဆက်ပြီး ကျဆင်းခဲ့ပါသည်။ အလုပ်နေရာ ဖြတ်တောက်မှု နှုန်းမှာ နက်ရှိုင်းခဲ့သော်လည်း ဖေဖေါ်ဝါရီမှစပြီး အားအပျော့ဆုံး ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် ကုမ္ပဏီများသည် ဝယ်ယူမှုများကို လျှော့ချခဲ့ကြသည်။ ဝယ်ယူမှုများ ယခုလထဲ ကျဆင်းမှုမှာ ခြောက်လအတွင်း အနည်းဆုံး ဖြစ်ခဲ့သော်လည်း သိသာလှပါသည်။ လက်ကျန် စာရင်းများသည်ပါ ကျဆင်း လာခဲ့သော်လည်း သိုလှောင်ထားသည့် ဝယ်ကုန်များ ကျဆင်းမှုအရှိန်မှာ အားပျော့လာခဲ့သည်။ ဈေးနှုန်းများကို လေ့လာကြည့်လျှင် သြဂုတ်လတွင် ကုန်ကျစရိတ် ဝန်ထုပ် နောက်ထပ်မြင့်တက်လာခဲ့ပြီး ငွေကြေးဖောင်းပွမှု နှုန်းမှာ ဇူလိုင်ထက် အရှိန်ရလာပါသည်။

သို့သော်လည်း ထုတ်ကုန်အတွက် ပျမ်းမျှ ရောင်းဈေးများမှာ အများအားဖြင့် တန့်ခဲ့ပြီး ရာသီအလိုက် ညှိပေးထားသည့် သက်ဆိုင်ရာ အညွှန်းမှာ ကြားနေ အမှတ် ၅၀.ဝအထက်နားတွင် ရှိနေပါသည်။ နောက်ဆုံးအနေနှင့် လာမည့် ၁၂-လ အတွက် ထုတ်လုပ်မှုဆိုင်ရာ မျှော်မှန်းချက်မှာ သြဂုတ်လတွင် ပိုကောင်းလာခဲ့သည်။ အပြုသဘော မြင်မှုမှာ ဇန်နဝါရီလမှစပြီး အမြင့်ဆုံး ဖြစ်ခဲ့သော်လည်း စစ်တမ်း၏ ရေရှည် ပျမ်းမျှနှင့် ဆက်စပ်ကြည့်လျှင် အားနည်းနေပါသေးသည်။

 

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြသွားရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper ပြောကြားသွားသည်မှာ-
"အဓိက အကျဆုံး အညွှန်းမှာ နှစ်မှတ်ခွဲ ဆက်မြင့်တက်လာခဲ့ခြင်းဖြင့် ကျဆင်းမှု ရှေ့ဆက် အားပျော့လာမှုကို အချက်ပြနေရာ အာဆီယံ ထုတ်လုပ်ရေးကဏ္ဍသည် သြဂုတ်လတွင် တည်ငြိမ်ရေးဆီသို့ ပိုနီးစပ်လာခဲ့သည်။
စက်ရုံများ၏ ထုတ်လုပ်မှုမှာ ခြောက်လ ဆက်တိုက် ကျဆင်းခဲ့မှုနောက်ပိုင်းတည်ငြိမ်လာခဲ့ချိန်မှာ စုစုပေါင်း လုပ်ငန်းသစ်များ၏ အဆင့်မှာ မတ်လတွင်စတင်ခဲ့သည့် လက်ရှိ ကျဆင်းမှု အစဉ်ထဲတွင် အားအပျော့ဆုံး နှုန်းဖြင့် ကျဆင်းခဲ့သည်။"

"မည်သို့ပင် ဖြစ်စေ လော့ဒေါင်း အစီအစဉ်များကြောင့် အာဆီယံကုန်စည်များအတွက် ပြည်ပမှ ဝယ်လိုအား ဆက်ပြီး တန့်လျက် ရှိခြင်းကြောင့် ပို့ကုန်အသစ်များ သိသိသာသာ ကျဆင်းလာခဲ့ရာ ပို့ကုန်များမှာ ကျဆင်းစေသည့် အဓိကသော့ချက်တစ်ခု ဖြစ်နေဆဲဖြစ်သည်။"

"ခြုံပြောရပါက သြဂုတ် ဒေတာက တည်ငြိမ်ရေးဆီသို့ ဦးတည်နေကြောင်း မဝံ့မရဲ နိမိတ်ဖတ် ရနိုင်ပြီး ထုတ်လုပ်မှုနှင့် စုစုပေါင်း အော်ဒါ အသစ်များကဲ့သို့ အဓိကသော့ချက် အညွှန်းများ၏ နောက်ဆုံး ကိန်းဂဏန်းများမှာ နိုင်ငံတကာ ကပ်ရောဂါ အခြေအနေ အဆိုးဝါးဆုံး ဖြစ်ခဲ့သည့် ဧပြီနှင့် မေလတွင်
မြင်တွေ့ခဲ့ရသည်များထက် ပိုမြင့်မားပါသည်။"

"သို့သော်လည်း စက်မှုကဏ္ဍမှာ နာလန်ပြန်ထူလာနေကြောင်း ပြောရန် ကျွန်ုပ်တို့သည် တိကျသည့် လက္ခဏာများကို တွေ့မြင်ဖို့ လိုအပ်ပါသေးသည်။ နာလန်ထူမှု စတင် ရုပ်လုံးပေါ်လာရန် စက်ရုံများ အနေနှင့် ဝယ်လိုအားနှင့် ထုတ်လုပ်မှု ပမာဏများ သိသာစွာ တိုးတက်လာသည်ကို တွေ့မြင်ရန် လိုအပ်ပါသည်။"

 

တွက်ချက်နည်း

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI® ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် စုစုပေါင်း ၇ နိုင်ငံတို့မှ ထုတ်လုပ်သူ ၂,၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်များအပေါ် အခြေခံပြီး IHS Markit မှ တွက်ချက် ပါသည်။ ယင်းနိုင်ငံများသည် အာဆီယံ ထုတ်လုပ်သူများ၏ ထပ်တိုး တန်ဖိုး ၉၈% ကို ထုတ်လုပ် ပေးကြပါသည်။

မေးမြန်းရန် ရွေးချယ်ခံရသူများကို GDP အား ထောက်ပံ့မှုအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။ စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နံှ့မှု အညွှန်းကို တွက်ချက်ပါသည်။

အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။  အညွှန်းများမှာ ၀ နှင့် ၁၀၀အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကို ညွှန်ပြ ပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွှန်းများကို တစ်နိုင်ငံစီ၏ အညွှန်းများအား ချိန်ဆလျက် စုပေါင်း တွက်ယူပါသည်။ နိုင်ငံများအလိုက် ချိန်ဆမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည်။

အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI) ဖြစ်ပါသည်။ PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်-


အော်ဒါသစ်များ (၃၀%)၊
ထုတ်လုပ်မှု (၂၅%)၊
အလုပ်နေရာ (၂၀%)၊
ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့်
သိုလှောင်ထားသည့် ထည့်ကုန်များ (၁၀%)။

 

PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်း များနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။ ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရမည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။

၂၀၂၀ သြဂုတ်လ ဒေတာကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၂ -၂၄ ရက်များတွင် စုစည်းခဲ့သည်။

 

PMI အကြောင်း


ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက ihsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။

 

IHS Markit အကြောင်း


IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီဖြစ်ပါသည်။မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံစိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။

IHS Markit ထံတွင်စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။ IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။

 

By Myanmar Industry Guide

Industry Reviews Local News Read 930 times