မြန်မာ့ရေငံပုဇွန်များကို ပြည်တွင်း/ပြည်ပ ဈေးကွက်ချဲ့ထွင်နိုင်ရန် လုပ်ဆောင်နေ


23 April, 2018

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်က ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့နယ်ခွဲရှိ Ayeyarwaddy Fishery Development co.,Ltd ၏ ရေငံပုဇွန် မွေးမြူရေးလုပ်ငန်းများဖြစ်သော မိရိုးဖလာမွေးမြူခြင်းနှင့် နည်းပညာမြင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရပါသည်။

ထိုသို့ သွားရောက်ရာတွင် လုပ်ငန်းဆောင်ရွက်နေသည့် တာဝန်ရှိသူများက ရေငံပုဇွန် မွေးမြူရေး စီမံကိန်း လက်ရှိ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း ထုတ်လုပ်မှု လုပ်ငန်းများကို တိုးတက် အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထို့အပြင် ပို့ကုန်တိုးမြှင့်ရေးကိုလည်း အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ယုံကြည်စွာ လုပ်ငန်း ဆောင်ရွက်ခွင့် ပြုခြင်းအပေါ် လုပ်ငန်းရှင်များ အနေဖြင့်လည်း လုပ်ငန်းများအား အောင်မြင်တိုးတက်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စီမံကိန်း ဧရိယာအတွင်းရှိ ဒီရေတောများကိုလည်း စဉ်ဆက်မပြတ် ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်းဖြင့် ဆွေးနွေးခဲ့ပါသည်။

အဆိုပါ ကုမ္ပဏီသည် နိုင်ငံခြားမှ နည်းပညာအကူအညီဖြင့် ရေငံပုဇွန် မွေးမြူရေးကန်ပေါင်း ၂၄၀ ကန် ဖော်ထုတ်ဆောင်ရွက်လျက်ရှိပြီး မွေးမြူသည့် နည်းစနစ်မှာ ၁ ကုဗမီတာတွင် ပုဇွန်သားလောင်း ၁၅၀ ကောင် ထည့်သွင်းမွေးမြူ၍ အသားတင် အသက်ရှင်နှုန်းမှာ ၈၀ ကောင် ရှိမည် ဖြစ်ကြောင်း၊ မွေးမြူရေးကန် တစ်ကန်တွင် ပုဇွန် ၁၅.၃၆ တန်ခန့် အသားတင် ထွက်ရှိနိုင်မည် ဖြစ်ပြီး ကာလအားဖြင့် တစ်နှစ်လျင် သုံးကြိမ် မွေးမြူနိုင်မည်ဖြစ်သဖြင့် စုစုပေါင်း ပုဇွန် ၁၁၀၀၅၉ တန် ထွက်ရှိနိုင်မည် ဖြစ်ကြောင်း သိရပါသည်။

တစ်နှစ်လျင် အမေရိကန် ဒေါ်လာ ၅၅ သန်းခန့် ခန့်မှန်းထားကြောင်း၊ ပုဇွန်ကန်များ အတွင်း ရေဖလှယ် သန့်စင်သည့် စနစ်၊ အညစ်အကြေး ဖယ်ထုတ်ခြင်း စနစ်တို့အား ခေတ်မီ စက်ကိရိယာများဖြင့် နည်းစနစ်တကျ ပေါင်းစပ် မွေးမြူလျက်ရှိကြောင်း သိရှိရပါသည်။

ထို့ပြင် ပုဇွန်သားလောင်း ဖောက်ခြင်း လုပ်ငန်းအား ပူးတွဲ ဆောင်ရွက်လျက် ရှိရာ တစ်ပတ်လျင် ပုဇွန်သားလောင်း ၁၅ သန်းခန့် ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျင် သားလောင်းပေါင်း ၇၅၀ သန်းခန့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ရေငံပုဇွန် မွေးမြူရေး စီမံကိန်း ရာနှုန်းပြည့် အကောင်အထည်ဖော်ပြီးစီးပါက အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် လုပ်သားပေါင်း ၃၀၀၀ ခန့် အလုပ်အကိုင် ရရှိနိုင်မည်ဖြစ်ပြီး ယခုအချိန်မှစတင်ကာ လုပ်သားများအား လုပ်ငန်းသုံး စက်ကိရိယာ ကျွမ်းကျင်မှု သင်တန်းနှင့် ရေငံပုဇွန် အစာအတွက် ဓာတ်ခွဲခြင်း သင်တန်းများအား ပို့ချပေးလျက်ရှိကြောင်း၊ ပြည်တွင်းဈေးကွက်အပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် နိုငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည့် စီမံကိန်း တစ်ခုဖြစ်ကြောင်း သိရပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၁ နာရီ တွင် ပုသိမ်မြို့ရှိ ပြည်နယ်အဆင့် ဝန်ကြီးဌာနရှိ ဦးစီးဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှုများအား တွေ့ဆုံ မေးမြန်းခဲ့ပြီး လိုအပ်ချက်များအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

MOI

Local News Read 513 times