လေဆိပ်တွင် သင်္ဘောသားများ နိုင်ငံခြားငွေ ယူဆောင်လာခြင်းနှင့်စပ်လျဉ်း၍ MSF မှ သတင်းထုတ်ပြန်


24 April, 2022

လေဆိပ်တွင် သင်္ဘောသားများ နိုင်ငံခြားငွေ ယူဆောင်လာခြင်းနှင့်စပ်လျဉ်း၍ MSF မှ သတင်းထုတ်ပြန်


ပြည်ပမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့်ပြန်ဝင်မည့် သင်္ဘောသားများနှင့် SRPS များအတွက် နိုင်ငံခြားငွေကိုင်ဆောင်ခြင်းနှင့်စပ်လျဉ်း၍  မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် MYANMAR SEAFARERS FEDERATION (MSF) က သတင်းထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။


များမကြာမှီကာလတွင် အစိုးရအနေဖြင့်    နိုင်ငံခြား ငွေကိုင်ဆောင်သုံးစွဲမှု နှင့်ဆက်စပ်၍ လိုက်နာကျင့် သုံးရမည့် လမ်းညွှန်ချက်များအား ထုတ်ပြန်ပြဌာန်းခဲ့ပါသည်။

သို့ဖြစ်ပါ၍ MSF အဖွဲ့ချုပ်အနေဖြင့် လတ်တလောအချိန်ကာလတွင် နိုင်ငံခြားငွေကိုင်ဆောင်မှုနှင့်ပတ်သက်၍ ကြုံတွေ့လာနိုင်မည့်အခက်အခဲပြဿနာနှင့် စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းနိုင်ရန် အောက်ပါအချက်များ အကြံပြုအပ်ပါသည်။

(က) မြန်မာနိုင်ငံလေဆိပ်သို့အရောက်တွင် နိုင်ငံခြားငွေကိုင်ဆောင်သယ်ယူလာပါက "နိုင်ငံခြားငွေကြေညာလွှာ Declaration Form " အား မပျက်မကွက်ဖြည့်စွက်၍ လေဆိပ်ရှိသက်ဆိုင်သည့် အရာထမ်း၊ အမှုထမ်းထံသို့ တင်ပြရန်။

(ခ) နိုင်ငံခြားငွေကိုင်ဆောင်သယ်ယူလာခြင်းကိစ္စအား လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်နှင့်ဆက်နွယ်သည့် အရာထမ်း၊ အမှုထမ်းများထံမှ နိုင်ငံခြားငွေသယ်ဆောင်လာမှုအား မည်သို့ကြေညာလွှာတင်သွင်း၍ လေဆိပ် ပရဝုဏ်အတွင်း ဖြတ်သန်းသယ်ယူခွင့်အား မေးမြန်းစုံစမ်းလိုက်နာလုပ်ကိုင်ရန်။

(ဂ) နိုင်ငံခြားငွေသယ်ယူကိုင်ဆောင်လာမှုအတွက် သက်ဆိုင်ရာအရာထမ်း၊ အမှုထမ်းများအနေဖြင့် လေဆိပ်ပရဝုဏ်ပြင်ပသို့ရောက်ရှိချိန်တွင် မည်သို့ဆက်လက်လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်ကိုလည်း မေးမြန်းစုံစမ်း၍ လိုက်နာလုပ်ကိုင်ရန်။

(ဃ) အဖွဲ့ချုပ်အနေဖြင့် ကြားသိထားရသည့် အချက်မှာ မြန်မာသင်္ဘောသားများ နိုင်ငံခြားငွေကိုင်ဆောင်သယ်ယူ၍ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာပါက မိမိသယ်ယူလာသည့် နိုင်ငံခြားငွေအား အစိုးရ (သို့မဟုတ်) ပုဂ္ဂလိကဘဏ်တစ်ခုတွင် ထည့်သွင်းရောင်းချ၍ ဗဟိုဘဏ်မှ သတ်မှတ်ထားသော နိုင်ငံခြားငွေ လဲနှုန်း အမေရိကန်တစ်ဒေါ်လာလျှင် (၁၈၅၀) ကျပ်နှုန်းဖြင့် လဲလှယ်၍ မြန်မာကျပ်ငွေသို့ ပြောင်းလဲကိုင်ဆောင်ရမည် ဖြစ်သောကြောင့် အသေးစိတ်အချက်အလက်အား မိမိသယ်ယူလာသည့် နိုင်ငံခြားငွေရောင်းချမည့်ဘဏ်တွင် စုံစမ်းရန်။

(င) ကြားသိရသည့် အခြားအချက်တစ်ခုမှာ နိုင်ငံခြားငွေရောင်းချပြီး မြန်မာကျပ်ငွေသို့ ပြောင်းလဲရယူပြီးသည့် အချိန်တွင် မြန်မာသင်္ဘောသားလက်ခံနိုင်မည့် မြန်မာကျပ်ငွေ ငွေစုဘဏ်စာရင်းသို့ ထည့်သွင်းပေးပြီး မြန်မာကျပ်ငွေသာ ထုတ်ယူခွင့်မပြုပါသောကြောင့် မြန်မာသင်္ဘောသားများအနေဖြင့် အထူးဘဏ်ငွေစုစာရင်း (Special Account ) တစ်ခုအား သင်္ဘောသားကိုယ်တိုင်ဖြစ်စေ၊ သင်္ဘောသားကိုယ်စား မိသားစုဖြစ်စေ ဖွင့်လှစ်ထားရှိပါက နိုင်ငံခြားငွေရောင်းချပြီး မြန်မာကျပ်ငွေရရှိသည့် ပမာဏအား အဆိုပါ အထူးဘဏ်ငွေစုစာရင်း (Special Account ) အတွင် ထည့်သွင်းခြင်းဖြင့် မိမိလိုအပ်သည့် အချိန်တွင် လိုအပ်သည့် ပမာဏအား အကန့်အသတ်မရှိ ထုတ်ယူနိုင်ပါကြောင်း အသေးစိတ်အချက်အလက်အား ဘဏ်ရောက်ရှိချိန်တွင်ထပ်မံစုံစမ်းမေးမြန်း အတည်ပြု၍ လုပ်ကိုင်ဆောင်ရွက်ပါရန် အကြံပြုအပ်ပါသည်။

MSF အဖွဲ့ချုပ်အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာအကြီးအကဲများထံသို့ အောက်ဖော်ပြပါစာအား ပေးပို့မေတ္တာရပ်ခံထားရှိပါသောကြောင့် မကြာမှီအချိန်ကာလတွင် အဆိုပါရိုက်ခတ်မှုအား အတိုင်းအတာတစ်ခုအထိ လျော့ကျသွားစေရန် သက်ဆိုင်သည့် အကြီးအကဲများအနေဖြင့် ဆောင်ကျဉ်းလုပ်ကိုင်ပေးမည်ဟု မျှော်လင့်ပါကြောင်း အသိပေးအပ်ပါသည်။


ရက်စွဲ။ ၂၀၂၂ခုနှစ်၊ ဧပြီလ(၂၂) ရက်

အကြောင်းအရာ။   ။မြန်မာသင်္ဘောသားများ၏ လစာနိုင်ငံခြားငွေကိုင်ဆောင်သိမ်းဆည်းရောင်းချ သုံးစွဲမှုနှင့် ပတ်သက်၍ ကြုံတွေ့ရမည့်စိန်ခေါ်မှုများကိစ္စ တင်ပြခြင်း။

၁။ အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့်နိုင်ငံခြားငွေများ သယ်ယူခြင်း၊ ကိုင်ဆောင် ခြင်း၊ စုဆောင်းခြင်း၊ ရောင်းဝယ်ခြင်းနှင့်ပတ်သက်၍ ညွန်ကြားချက်များ ထုတ်ပြန်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

၂။ ထိုသို့ညွှန်ကြားချက်များထုတ်ပြန်လာသည့်အတွက် နိုင်ငံခြားငွေဖြင့် လစာရယူခံစားရသည့် မြန်မာ သင်္ဘောသားများအနေဖြင့် အောက်ဖော်ပြပါ စိန်ခေါ်မှုများနှင့်ကြုံတွေ့ နိုင်ချေရှိလာပါမည်ဖြစ်ကြောင်း အဆိုပြုတင်ပြ အပ်ပါသည်။

(က) မြန်မာသင်္ဘောသားအနေဖြင့် ၎င်း၏လစာအား အမေရိကန်ဒေါ်လာငွေသား ထုတ်ယူ၍ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် ငွေသားအဖြစ် ကိုင်ဆောင်သယ်ယူလာမည်ဖြစ်ပါသည်။

(ခ) ပြည်ပမှပြန်လာသောမြန်မာသင်္ဘောသားများ နိုင်ငံခြားငွေကိုင်ဆောင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဝင်ရောက်ချိန်တွင် လေဆိပ်တွင်တာဝန်ကျနေသည့်အကောက်ခွန်ဦးစီးဌာနမှ အရာထမ်း ဝန်ထမ်းနှင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှအရာထမ်းဝန်ထမ်းများ နှင့်လည်းကောင်း ထိတွေ့၍ ပြည်ဝင်ခြင်းလုပ်ငန်းစဉ်များအား လုပ်ကိုင်စဉ်တွင် နိုင်ငံခြားငွေသယ်ယူလာမှုအား ကြေညာ လွှာတင်သွင်းရမည်ဖြစ်ပါသည်။

(ဂ) သို့ဖြစ်ပါ၍ ကြေညာလွှာတင်သွင်းရာတွင် လေဆိပ်တာဝန်ကျအရာထမ်းအမှုထမ်းများ၏ လုပ်ပိုင်ခွင့် အာဏာအတွင်းမှ သက်ရောက်လာမည့် ရိုက်ခက်မှုစိန်ခေါ်မှုများအား ကင်းလွတ်စွာလုပ်ကိုင်နိုင်ရန် အတွက် လုပ်ငန်းစဉ်ညွှန်ကြားချက်အား သိရှိရန် လိုအပ်ပါမည်ဟု ယူဆပါသည်။

လေးစားစွာဖြင့်

ကပ္ပတိန်စိုးမင်းအောင်

ဥက္ကဌ

အလုပ်အမှုဆောင်အဖွဲ့
 

Banking & Loan Read 838 times