မြန်မာ-ထိုင်းနယ်စပ် တရားမဝင်ကုန်သွယ်မှုများကို တရားမဝင်ကုန်သွယ်မှု ဖြစ်လာရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုတိယသမ္မတက နို၀င်ဘာလ ရ ရက်မြဝတီ ကုန်သွယ်ရေးဇုန်အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် တိုက်တွန်းပြောကြားခဲ့ကြောင်းသိရသည်။
တရားမဝင်ကုန်သွယ်မှုများကို အဆင့်ဆင့်ကြီးကြပ်ပြီး ထိထိရောက်ရောက်တားဆီးဖို့နှင့် သွင်းကုန်အစားထိုးအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အားပေးကူညီဆောင်ရွက်သွားမည်ဟု ဒုတိယသမ္မတက ပြောကြားခဲ့ကြောင်းလည်း သိရသည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်နိမိတ်မျဉ်းသည် သောင်ရင်းမြစ်ပေါ်တွင် တည်ဆောက်ထားသည့် ချစ်ကြည်ရေးတံတား၏ မဲဆောင်ဘက်ကမ်းတွင် ရှိနေပြီး ၎င်းတံတားသည် နှစ်နိုင်ငံကုန်စည် ကူးသန်းရောင်းဝယ်ရာတွင် အဓိကကျသည့် တံတားတစ်စင်းလည်း ဖြစ်ကာ ပို့ကုန်၊ သွင်းကုန်များ ပို့ဆောင်ရောင်းဝယ်နေကြခြင်း ဖြစ်ကြောင်း ၊ သို့သော်လည်းသောင်ရင်းမြစ်တစ်လျှောက်တွင် တရားမဝင်ဝင်၊ ထွက်ပေါက်များရှိနေပြီး တရားမဝင်ကုန်စည် ကူးသန်းရောင်းဝယ်မှုကို ဟန့်တားနိုင်ရန် ခက်ခဲနေကြောင်း ကုန်သည်များထံမှ သိရသည်။
မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ကုန်သွယ်မှုပိုမိုအဆင်ပြေချော့မွေ့လာစေရေးအတွက် လုပ်ဆောင်လျက်ရှိသကဲ့သို့ တရားမဝင်ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပပျောက်ရေးကိုလည်း တစ်ဘက်တစ်လမ်းမှ ကူညီလုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
သို့သော်လည်း တရားမဝင်ကုန်စည်များကို သယ်ယူပို့ဆောင်နေသည့် ရှောင်ကွင်းလမ်းများသည် ယခင်အချိန်များကတည်းက ရှိနေခြင်းကြောင့် တရားမဝင် ကုန်သွယ်မှုကို ထိန်းချုပ်နိုင်ရန် ခက်ခဲနေကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်နို်င်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ကြား ရေလမ်း၊ ကုန်းလမ်းခရီးဖြင့် စီးပွားရေး စင်္ကြလမ်း တည်ထောင် ဆောင်ရွက်ရာတွင် မြဝတီမြို့သို့ ဖြတ်သန်းပြီး ကုန်စည်ကူးသန်းရောင်းဝယ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်သဖြင့် မြဝတီဇုန်နှင့် ဆက်နွယ် ကူးသန်းရောင်းဝယ်နေသည့် လုပ်ငန်းကဏ္ဍအသီးသီးတွင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံဒေသအတွင်းတွင် အေအီးစီဟုလူသိများနေသည့် အာဆီယံစီးပွားရေးအသိုက်အဝန်းကို စတင်တည်ထောင်ရန် စိုင်းပြင်းသည့်အချိန်ကစပြီး အာဆီယံနိုင်ငံတစ်ဝန်းတစ်နိုင်ငံနှင့် တစ်နို်င်ငံကြား ချိတ်ဆက်နိုင်ရန် လုပ်ဆောင်နေကြပါသည်။
ထို့သို့လုပ်ဆောင်ကြရာတွင် စီးပွားရေါ် စင်္ကြန်လမ်းများကို တည်ဆောက်ပြီး နိုင်ငံချင်းချိတ်ဆက်ကာ ကုန်စည်ကူးသန်းရောင်းဝယ်နိုင်ရန် ကြိုးစားလုပ်ဆောင်နေကြသည်။
အရှေ့အနောက်စီးပွားရေး စင်္ကြန်သည် ဗီယက်နာမ်နိုင်ငံ၊ ဒါနန်းမြို့မှ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံကို ဖြတ်သန်းတွင်ဖြစ်ပြီး မြဝတီမြို့အထိ လမ်းကြောင်းရေးဆွဲ ချမှတ်ထားခြင်း ဖြစ်ပါသည်။
ကုန်းလမ်းခရီးမှ ၀င်ရောက်ခဲ့သည့်အတွက် လမ်းခရီးကြန့်ကြချိန်များ သက်သာသွားနိုင်မည် ဖြစ်ကြောင်း ကုန်သည်တစ်ဦးကပြောကြားသည်။
ယင်းလမ်းကြောင်းကို ၁၉၉၈ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာတွင် ကျင်းပခဲ့သည့်မဟာမဲခေါင်ဒေသတွင်း နိုင်ငံများ၏ ၀န်ကြီးများအဆင့်ညီလာခံတွင် အာဆီယံဒေသတွင်းနိုင်ငံများအနက် မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့အကြား စီးပွားရေး ဖွံံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး ယင်းအစီအစဉ်ကို ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်လုပ်ဆောင်လာခဲ့ကြောင်း၊ အာဆီယံနိုင်ငံများ၏ ကုန်သွယ်ဘက်နိုင်ငံများပါ အကျိုးရှိစေမည် ဖြစ်ကြောင်း သိရသည်။
မြဝတီမြို့သည် နယ်စပ်ဒေသများအနက် ကုန်စည်ကူးသန်းရောင်းဝယ်ရာတွင် အဓိကကျသည့် မြို့ကြီးတစ်မြို့ဖြစ်ပြီး မြန်မာနိုင်ငံကထွက်ရှိသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်၊ သစ်တောထွက်ကုန် ပစ္စည်းများကို အိမ်နီးချင်းထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိသကဲ့သို့ ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်းများ၊ လူသုံးအိမ်သုံးပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများကို တင်သွင်းလျှက်ရှိသည်။
မြဝတီကုန်သွယ်ရေးဇုန်ကိုလည်း ခေတ်မီကုန်သွယ်ရေးဇုန်အဖြစ် တည်ဆောက်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
မြဝတီသည် ပင်လယ်ရေကြောင်းမှ အကွာအဝေးအနေဖြင့် ထိုင်းနိုင်ငံမြို့တော်၊ ဗန်ကောက်မှ မြန်မာနို်င်ငံ၊ ရန်ကုန်မြို့သို့ ၁၉၄၄ မိုင်ကွာဝေးပြီး ရန်ကုန်မှ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့သို့ ၂၁၄၄ မိုင်ကွာဝေးသလို ဗန်ကောက်မှ ဒါနန်းသို့လည်း ၁၀၈၂ မိုင်ကွာဝေးကြောင်း၊ ကုန်းလမ်းခရီးတွင် ရန်ကုန်မှ ဗန်ကောက်အကွာအဝေးသည် မိုင် ၄၅၀ ခန့်သာရှိပြီး ရန်ကုန်မှ ဒါနန်းသို့ မိုင် ၉၀၀ ခန့်သာကွာဝေးကြောင်း၊ ထို့ကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုမှာ အချိန်ကုန်သက်သာသည့်အပြင် ကုန်စည်သယ်ယူပို့ဆောင်မှု စရိတ်များပါ ပိုမိုသက်သာစေမည် ဖြစ်ခြင်းကြောင့် အရေးပါသည့် ထွက်ပေါက်တစ်ခုအနေဖြင့် တည်ရှိနေသည်။
အရှေ့အနောက် စီးပွားရေးစင်္ကြန်လမ်းသည် အရှေ့ဘက်တွင် တောင်တရုတ်ပင်လယ်၏ ထွက်ပေါက်ဖြစ်သကဲ့သို့ အနောက်ဘက်တွင် ကပ္ပလီပင်လယ်ပြင်ကို ထွက်နိုင်သည့် ထွက်ပေါက်တစ်ခုလည်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
မြဝတီကုန်သွယ်ရေးဇုန် ကုန်သွယ်မှုတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလ ဒုတိယပတ်အထိ ပို့ကုန်ဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၉၃၄ သန်း၊ သွင်းကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၃၅၉ ဒသမ ရ၀၈ သန်းရရှိထားကြောင်း သိရသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၁၉၉ သန်း၊ သွင်းကုန်ကဏ္ဍမှ အမေရိကန် ဒေါ်လာ ၈၆၈ ဒသမ ၄၀၂ သန်းရရှိခဲ့ကြောင်း သိရသည်။
Source:the farmer media