မြန်မာ့ ပြည်ပကုန်သွယ်မှုပမာဏ ၁၃ ရက်အတွင်း ဒေါ်လာ ၁ ဘီလျံကျော်ရရှိ


26 April, 2018

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏသည် ၁၃ ရက်အတွင်း ဒေါ်လာ တစ်ဘီလျံကျော်ရှိသော်လည်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပို့ကုန်တင်ပို့မှုလျော့ကျနေကြောင်း စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရပါသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၁၃ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၁၀၇၁ ဒသမ ၄၃၈သန်းရှိပြီး ယခင်ကာလတူထက် ဒေါ်လာ ၉ ဒသမ ၆၈၈ သန်း ပိုမိုခဲ့ကြောင်း သိရပါသည်။

ဧပြီ ၁၃ ရက်အထိ ကုန်သွယ်မှုပမာဏ ဒေါ်လာ တစ်ဘီလျံကျော်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈၀၂ ဒသမ ၂၇၆ သန်း၊ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၆၉ ဒသမ ၁၆၂ သန်းပါဝင်ကြောင်း သိရပါသည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ကာဘတူထက် ဒေါ်လာ ၅၉ သန်းကျော်လျော့ကျခဲ့သော်လည်း နယ်စပ်ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ထက် ဒေါ်လာ ၆၉ သန်းကျော် ပိုမိုခဲ့ကြောင်း သိရပါသည်။

အဆိုပါကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၂၃၂ ဒသမ ၄၈၂ သန်းရှိသော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၁၇ သန်းကျော် လျော့ကျခဲ့ကြောင်း သိရပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၃၃၃၂၃ ဒသမ ၈၁၅ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက်ဒေါ်လာ ၄၁၁၄ ဒသမ ၂၀၉ သန်း ပိုမိုခဲ့ကြောင်း သိရပါသည်။

ဘဏ္ဍာနှစ်ကုန်အထိ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃ ဘီလျံကျော်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၄၈၅၉ ဒသမ ၈၅၂ သန်းနှင့် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၈၄၆၃ ဒသမ ၉၆၃ သန်းး ပါဝင်ကြောင်း သိရပါသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၃၄၂၇ ဒသမ ၂၅၃ သန်း ပိုမိုခဲ့ပြီး နယ်စပ်ကုန်သွယ်မှုပမာဏမှာမူ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၆၈၆ ဒသမ ၉၅၆ သန်း ပိုမိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာစာရင်းများအရ သိရပါသည်။

ကုန်သွယ်မှုပမာဏဒေါ်လာ ၃၃ ဘီလျံကျော်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၄၆၇၅ ဒသမ ၂၀၉ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၈၆၄၈ ဒသမ ၆၀၆ သန်း ပါဝင်ကြောင်း သိရပါသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကိုလာမည့် အောက်တိုဘာလမှ စတင်မည်ဖြစ်ရာ လက်ရှိကြားကာလ ခြောက်လအတွင်း မြန်မာနိုင်ငံ၏ကုန်သွယ်မှုပမာဏကို ဒေါ်လာ ၁၃ ဘီလျံခွဲရရှိရန် မျှော်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Daily Eleven

Export, Import Read 622 times