ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ မြန်မာ့ခရီးသွားဘဏ်တွေကို လာမယ့်နှစ်လအတွင်း ဖွင့်လှစ်သွားမယ်လို့ အဆိုပါဘဏ်ရဲ့အသေးစား၊ အလတ်စားချေးငွေဌာနမှ ပြောပါတယ်။
ခရီးသွားဘဏ်ဖြစ်တဲ့အတွက် ခရီးသွားကဏ္ဍကို ဦးစိုက်သွားပြီးတော့ တခြားသက်ဆိုင်ရာ ဆက်စပ်လုပ်ငန်းတွေနဲ့ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဘဏ္ဍာရေးထောက်ပံ့မှုပေးဖို့ ရှိပါတယ်။
ဗဟိုဘဏ်က လွန်ခဲ့တဲ့ ခြောက်လကျော်က ခွင့်ပြုမိန့်လိုင်စင် ငါးခုချပေးထားတဲ့ ဘဏ်တွေမှာ မြန်မာ့ခရီးသွားဘဏ်ပါဝင်ခဲ့ပြီး ခရီးသွားအများပိုင်ကုမ္ပဏီ ဖွဲ့စည်းကာ ဘဏ်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ဘဏ်လုပ်ငန်းကဏ္ဍမှာ ဘယ်ဘဏ်မဆို အာမခံအနေနဲ့ အပေါင်ပစ္စည်း၊ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ ပြရတဲ့အတွက် မြန်မာ့ခရီးသွားဘဏ်မှ ချေးငွေရယူရာမှာလည်း အလားတူဖြစ်ပါတယ်။
ချေးငွေရယူတဲ့အခါ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ ပြရပါမယ်။ လုပ်ငန်းတကယ်လုပ်ကိုင်နေတဲ့ အခြေအနေနဲ့ လုပ်ငနးရဲ့ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာရှိနိုင်တဲ့ ဝင်ငွေထုတ်ပြန်ချက်တွေ၊ ဘဏ္ဍာရေးထုတ်ပြန်ချက်တွေ၊ တခြားဝင်ငွေတွေပြပြီးတော့မှ အဆိုပြုလွှာတင်တယ်ဆိုရင်တော့ ခရီးသွားကဏ္ဍရဲ့ စီးပွားရေးလုပ်ငန်းကို အကောင်းဆုံးလုပ်ပေးနိုင်မှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဗဟိုဘဏ်က ဖြေလျှော့တွေ ပြုလုပ်ထားပြီး အပေါင်ပစ္စည်းမပါဘဲ ချေးငွေရယူပါက အတိုးနှုန်း ၁၆ ရာခိုင်နှုန်းကောက်ခံကာ ချေးလို့ရတဲ့အတွက် မြန်မာ့ခရီးသွားဘဏ်အနေနဲ့လည်း ချေးငွေရယူသူရဲ့ လုပ်ငန်းသဘာဝအပေါ် -မူတည်ပြီး ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။
ခရီးသွားကဏ္ဍမှာ ကုမ္ပဏီတွေကို ချေးပေးပြီးတော့ ခရီးသွားလုပ်ငန်း တိုးတက်ဖို့ ရည်ရွယ်ကာ ခရီးသွားလိုသူတွေအတွက် personal travel loan တွေလည်း သီးသန့်ချေးပေးသွားမှာဖြစ်ပါတယ်။
The Myanmar Times