ပြည်တွင်း လိုအပ်ချက် ဖြည့်ဆည်းရန် တရုတ်နိုင်ငံမှ လျှပ်စစ်ကို ဝယ်ယူမည်


16 May, 2019

ပြည်တွင်းလျှပ်စစ် လိုအပ်ချက် ဖြည့်ဆည်းဖို့နဲ့ ပြည်ပသို့ ပြန်လည်ရောင်းချနိုင်ဖို့အတွက် တရုတ်နိုင်ငံမှ လျှပ်စစ် မဂ္ဂါဝပ် ၁,ဝဝဝ ကို အမြန်ဆုံး ဝယ်ယူသွားမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောပါတယ်။

"မဂ္ဂါဝပ် ၁၀ဝ၀ က ကျွန်တော်တို့ လိုအပ်ချက်အတွက်လည်း ဖြည့်မယ်။ ပြီးရင် ကျွန်တော်တို့ဆီကတစ်ဆင့် ကျန်တဲ့နိုင်ငံကို ရောင်းဖို့အတွက်လည်း စီမံမှာပေါ့။ မဂ္ဂါဝပ် ၁၀ဝ၀ စလုံး ကျွန်တော်တို့ သုံးလို့မရနိုင်ဘူး" လို့ ၎င်းက ပြောပါတယ်။

လျှပ်စစ်ဓာတ်အား ဝယ်ယူရာတွင် စီးပွားရေး တွက်ခြေကိုက်မှုရှိ၊ မရှိနဲ့ အကျိုးအမြတ် ရှိမရှိတို့ကို အခြေခံ၍ အဓိကထား စဉ်းစားဆောင်ရွက်နေပြီး လက်ရှိမှာ လျှပ်စစ်လိုအပ်နေတဲ့အတွက် အမြန်ဆုံး စီမံပေးရမှာ ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြည့်တင်းနိုင်ရေးအတွက် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူနိုင်ရေး နားလည်မှုစာချွှန်လွှာကို နှစ်နိုင်ငံအကြား၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက လက်မှတ်ရေးထိုးထားပါတယ်။

၂၀၁၇ ခုနှစ်ကလည်း တူရကီက လျှပ်စစ်ဓာတ်အားပေး သင်္ဘောဖြင့် ရန်ကုန်ကို လျှပ်စစ်ဓာတ်အားပေးရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် တူရကီ ကုမ္ပဏီတို့အကြား ဆွေးနွေးမှုများ ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် အခုအချိန်ထိ ဓာတ်အားဝယ်ယူမှု တစ်စုံတစ်ရာ ထွက်မလာသေးပေ။

"ပြည်သူလက်ခံနိုင်တဲ့ ဈေးနှုန်းဖြစ်အောင် စီစဉ်ပေးရတယ်။ ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ နိုင်ငံတော်က ဘယ်လောက်အရှုံးခံ စိုက်ထုတ်နေတယ်ဆိုတာ ချပြထားပြီးဖြစ်တယ်။ အဲဒီတော့ မျှတသင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းမယ့်သူကို ဝယ်မှာ" လို့ ဦးစိုးမြင့်က ပြောပါတယ်။

ရေအားလျှပ်စစ် စီမံကိန်းများ လျာထားခြင်း ရှိပေမယ့်လည်း အချိန်တိုတွင်း မပြီးစီးနိုင်တဲ့အတွက် လက်ရှိကာလမှာ နိုင်ငံတော်က လျှပ်စစ်မဂ္ဂါဝပ် ၆၀ဝ ခန့် လိုအပ်နေပြီး လာမယ့်နှစ်မှာ မဂ္ဂါဝပ် ၁၅၀ဝ ခန့် လိုအပ်လာမယ်လို့ ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

ယင်းလိုအပ်ချက်ကို ရေတိုကာလအတွင်း ရရှိနိုင်တဲ့ power plant များ စီမံနေပြီး လက်ရှိမှာ မည်သည့် စီမံကိန်းများဖြင့် စီမံနေသည်ကို ချပြ၍ မရသေးကြောင်း ဦးစိုးမြင့်က ပြောပါတယ်။

လျှပ်စစ်ဆိုတာ အမြဲလိုအပ်နေပြီး နိုင်ငံအတွင်း လုပ်မယ့် စီမံကိန်းများသည်လည်း ရှေ့ဆက် လုပ်ဆောင်ရန် ဝန်ကြီးဌာနက အမျိုးမျိုးသော စိန်ခေါ်မှုများ ကြုံနေရကြောင်း၊ ထုတ်လုပ်ထားပြီးဖြစ်တဲ့ လျှပ်စစ်ကို သယ်ယူပို့ဆောင်ရန်အတွက်ကိုပင် မြေယာကန့်ကွက်ချက်များကြောင့် မသွယ်တန်းနိုင်တာတွေ ရှိပါတယ်။

"ရေအားလျှပ်စစ် ထုတ်မယ်ဆိုလည်း ပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိတယ်ဆိုပြီး ကန့်ကွက်တာတွေရှိတယ်။ ကျောက်မီးသွေးဆိုလည်း ကန့်ကွက်တာတွေရှိတော့ ကျွန်တော်တို့က ပြည်သူကို ဗဟိုပြုတဲ့ အစိုးရဖြစ်တဲ့အတွက် ပြည်သူရဲ့ လိုလားချက်ကို အခြေခံပေးမှာ" လို့ ၎င်းက ပြောပါတယ်။

The Myanmar Times

Export, Import Read 2503 times