မြန်မာနိုင်ငံတွင် ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်လိုသူရာခိုင်နှုန်းလျော့ကျလာ


03 July, 2018

မြန်မာလုပ်သား ၅၃ ရာခိုင်နှုန်းသာ ပြည်ပတွင်သွားရောက်အလုပ်လုပ်ရန် စိတ်ဝင်စားပြီး နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက စိတ်ဝင်စားမှုလျော့နည်းနေသးကြောင်း ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ www. myjobs.com.mm က သတင်း ထုတ်ပြန်သည်။

ကမ္ဘာအနှံ့ စီမံခန့်ခွဲရေးဆိုင်ရာအကြံပေးအဖွဲ့အစည်း The Boston Consulting Group နှင့် နိုင်ငံတကာအလုပ်အကိုင်ရှာဖွေ ရေးအဖွဲ့အစည်း The Network တို့ ပူးပေါင်း၍ နိုင်ငံတကာမှ လုပ်သားအင်အားစု ၃၆၀,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုထားသည့် စစ်တမ်းကို ယမန်နေ့က ထုတ်ပြန်သည်။ The Network အဖွဲ့၏မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့ဝင် MyJobs က မြန်မာနိုင်ငံရှိ အလုပ် သမား၊ ဝန်ထမ်း ၃,၈၀၀ ကျော် ကို ၂၀၁၈ ဧပြီ နောက်ဆုံးပတ်မှ မေလ ပထမပတ်အတွင်း စစ်တမ်းကောက်ယူခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာစစ်တမ်းကောက်ယူမှုစာရင်းတွင် ပထမဆုံးပါဝင်ခြင်းဖြစ်သဖြင့် ပြီးခဲ့သည့်နှစ်က အခြေအနေနှင့် ပြန်လည်နှိုင်းယှဉ်ရန် အချက်အလက်မရှိသေးကြောင်း MyJobs Myanmar အမှုဆောင် အရာရှိချုပ် Hansvan Beek က ပြောသည်။

‘‘ဒါပေမဲ့ ဒီစစ်တမ်းက ဘာကိုပြလဲဆိုတော့ မြန်မာနိုင်ငံမှာ အရင်ကထက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများလာတယ်။ မြန်မာနိုင်ငံက အရည်အချင်းရှိတဲ့ သူအများစုဟာ တခြားနိုင်ငံမှာ အလုပ်သွားလုပ်တာထက် ကိုယ့် အမိမြေမှာပဲ အလုပ်ပိုလုပ်ချင်တာကို ပြနေပါတယ်’’ဟု ၎င်းက ပြောသည်။

နိုင်ငံတကာတွင် လုပ်သားအင်အားစုအနေဖြင့် အခြားနိုင်ငံတွင် အလုပ်လုပ်လိုမှု ပျမ်းမျှ ၅၇ ရာခိုင်နှုန်းခန့်ရှိသဖြင့် နိုင်ငံတကာ နှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံသည် ပြင်ပသို့ သွားရောက်အလုပ်လုပ်လိုမှု လျော့နည်းနေသေးကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

လက်ရှိတွင် ပြည်ပသို့ သွား ရောက်လုပ်ကိုင်သူ သိသိသာသာ လျော့နည်းမှုမရှိကြောင်း ပြည်ပအလုပ်အကိုင်ပို့ဆောင် ရေးအေဂျင်စီတစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။

‘‘အလုပ်အကိုင်ရှိပြီးသားသူ တွေထဲကတောင် ထက်ဝက်လောက်က ပြည်ပကို သွားချင်ကြတာပဲ။ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့ နယ်ဘက်ကလူတွေကတော့ တစ်ဖက်နိုင်ငံကို အလုပ်သွားလုပ်နေတာ လျော့တော့မသွားပါဘူး။ ပုံမှန်ပါပဲ’’ဟု ၎င်း က ပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက်အလုပ်လုပ်ရာတွင် အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွားရောက်မှုအများဆုံးဖြစ်ပြီး ထိုင်းကုမ္ပဏီများ ဝန်ထမ်းခေါ်ယူမှု အနေအထားအရ တစ်လလျှင် အလုပ် သမား ၆၀၀ ခန့် ပို့ဆောင်ပေးနေရကြောင်း သိရပါသည်။

၂၀၁၈ ဇန်နဝါရီမှ ဧပြီအထိ နိုင်ငံကူးလက်မှတ်လျှောက်ထား သူ တစ်ရက်လျှင် ၂,၀၀၀ ခန့်ရှိပြီး ကိုရီးယားနှင့် ထိုင်းနိုင်ငံသို့ သွား ရောက်လုပ်ကိုင်ရန် လျှောက်ထား မှုများချိန်တွင် တစ်ရက်လျှင် ၂,၈၀၀ မှ ၃,၀၀၀ ခန့်ရှိသည်ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 7 Day Daily

Local News Read 487 times