လက်ရှိဘဏ္ဍာနှစ် သုံးလခွဲအတွင်း မြဝတီနယ်စပ်မှ အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၆၂၇ သန်း ကုန်သွယ်နိုင်ခဲ့


30 January, 2022

လက်ရှိဘဏ္ဍာနှစ် သုံးလခွဲအတွင်း မြဝတီနယ်စပ်မှ အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၆၂၇ သန်း ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၀၀ ကျော် ပိုမိုကုန်သွယ်နိုင်ခဲ့

နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ဒုတိယကုန်သွယ်မှုအများဆုံးဖြစ်သော မြဝတီနယ်စပ်စခန်းမှ ပို့ကုန်ရောသွင်းကုန်ပါ မြင့်တက်လာသည့်အတွက် လက်ရှိဘဏ္ဍာနှစ်သစ် သုံးလခွဲအတွင်း အမေရိကန်ဒေါ်လာ ၇၀၅ ဒသမ ၆၂၇ သန်း ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၀၀ ကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။


မြန်မာ့လယ်ယာထွက်ကုန် ပြောင်းဆန်များအား သြဂုတ်လကုန်မှ ဇန်နဝါရီလကုန်ထိ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်မရသော်လည်း အခြားလယ်ယာထွက်ကုန်နှင့် CMP ချုပ်ထည်များ တင်ပို့မှုမြင့်တက်လာခြင်း၊ ကိုဗစ်အတားအဆီးများကြားမှ ကုန်စည်တင်သွင်းမှု ပိုမိုမြင့်တက်လာခြင်းကြောင့် ယခုဘဏ္ဍာနှစ် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နါရီ ၁၄ ရက်အထိ သုံးလခွဲအတွင်း ယခင်နှစ်ကာလတူကထက် အမေရိကန် ဒေါ်လာ ၄၀၅ ဒသမ ၆၅၇ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းသို့ တင်သွင်းရာတွင် ယခင်က သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုသည့် ကုန်စည်များမှာ ယခုအခါ လိုင်စင်လျှောက်ထားရမည်ဆိုသော ကုန်သွယ်မှုမူဝါဒအပြောင်းအလဲကြောင့် ကုန်သွယ်မှုလျော့ကျလာမည်ဟု ယေဘုယျထင်မြင်ကြသော်လည်း ပြည်တွင်းဝယ်လိုအား များနေခြင်းကြောင့် သွင်းကုန်ပမာဏပိုမိုများပြားခဲ့ကြောင်း သိရသည်။

မြဝတီနယ်စပ်ကုန်သည်လုပ်ငန်းရှင်တစ်ဦးက “နယ်စပ်ကုန်သွယ်​ရေးမှာ ကိုဗစ်ကာလ၊ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ မြန်မာငွေစျေး လျော့ကျမှု၊ ကုန်သွယ်မှုမူဝါဒ အပြောင်းအလဲတွေကြောင့် ပုံမှန်ထက်ကုန်သွယ်မှု လျော့ကျမယ်လို့ ထင်ခဲ့ပေမယ့် အရင်နှစ်ကထက် ပိုမိုကုန်သွယ်နိုင်ခဲ့တယ်လို့ သိရတယ်” ဟု ပြောကြားသည်။

မြဝတီနယ်စပ်မှ ထိုင်းဘက်သို့ ဘဏ္ဍာနှစ်သစ် သုံးလခွဲအတွင်း မြန်မာ့လယ်ယာထွက်ကုန်၊ ပဲ၊ ကြက်သွန်၊ ငရုတ်နှင့် CMP ချုပ်ထည်များ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ၂၆၉ ဒ သမ ၈၄၅ သန်းအထိ တင်ပို့နိုင်သည့်အတွက် ယခင်နှစ်ကာလတူက ကုန်သွယ်ခဲ့သည့် ၇၀ ဒသမ ၇၇၆ သန်းထက် ဒေါ်လာ ၁၁၉ ဒသမ ၀၆၉ သန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ ကုန်သွယ်မှုမူဝါဒအပြောင်းအလဲကြောင့် ကုန်သွယ်မှုနှောင့်နှေးစေသော်လည်း ပြည်တွင်းစျေးကွက်၌ ဝယ်လိုအားမြင့်တက်နေသော ထိုင်းကုန်စည်များ တင်သွင်းမှုမှာ ယခုဘဏ္ဍာနှစ်သုံးလခွဲအတွင်း အမေရိကန် ဒေါ်လာ ၄၃၅ ဒသမ ၇၈၂ သန်းဖိုးအထိ တင်သွင်းထားသည့်အတွက် ယခင်နှစ်ကာလတူက တင်သွင်းခဲ့သည့် ဒေါ်လာ ၂၃၉ ဒသမ ၁၉၄ သန်းထက် ဒေါ်လာ ၂၀၆ ဒသမ ၅၈၈ သန်း ပိုမိုတင်သွင်းနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

COVID-19 အရေးပေါ်ကာလအဖြစ် ၂၀၂၀ ပြည့်နှစ် မတ် ၂၁ ရက်မှစတင်၍ ချစ်ကြည်ရေးတံတားပေါ်မှ ခရီးသည်သွားလာမှု ကန့်သတ်ထားသော်လည်း ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ၊ နယ်စပ်ကုန်သည်များ ညှိနှိုင်းကာ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ကုန်သွယ်မှုကို ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာကုန်တင်ယာဉ်နှင့် ဒေသသုံးစားသောက်ကုန်များ ဝယ်ယူသည့်ခေါက်တိုကားလေးများမှာ အမှတ် (၂) ချစ်ကြည်ရေးတံတား ထိုင်းဘက်ကမ်းထိသာ သွားလာခွင့်ရပြီး မဲဆောက်မြို့ထဲသို့ သွားလာခွင့်မရသော်လည်း ထိုင်းကုန်တင်ယာဉ်များ၊ ထိုင်းကားများမှာ မြဝတီမြို့တွင်းသာမက ကုန်သွယ်ရေးဇုန်အထိ သွားလာခွင့်ပြုထားခြင်းမှာ ကုန်သွယ်မှုမျှခြေ မရှိကြောင်း မြဝတီဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ မြန်မာလူကြီးတွေ အထူးသဖြင့် မြဝတီက တာဝန်ရှိသူတွေပေါ့။ ထိုင်းကားကျတော့ မြို့တွင်းရော ကုန်သွယ်ရေးဇုန်ထိပါ သွားလို့ရတယ်။ မြန်မာကားတွေကျတော့ တံတား (BCF) ဇုန်ထိပဲ သွားလို့ရတယ်။ မမျှတဘူး။ မြဝတီက စျေးသည်စျေးဝယ်တွေ အရမ်းအခက်အခဲဖြစ်တာ။ ကျွန်တော်တို့ ခံနေရတာ တစ်နှစ်ကျော်ပြီ။ တာဝန်ရှိလူကြီးတွေ ပြန်သုံးသပ်ဖို့ ကောင်းတယ်” ဟု မြဝတီမြို့မှ ဒေသခံတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံဘက်သို့ မြန်မာ့လယ်ယာထွက်ကုန် ပြောင်းဆန်များ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မှုကို ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၁ ရက်အထိသာ တင်ပို့ရပြီး ထိုင်းနိုင်ငံအတွင်း ပြောင်းထွက်ချိန်နှင့်တိုက်ဆိုင်သည့် သြဂုတ် ၁ ရက်မှစကာ ပြောင်းဆန်တင်ပို့မှုကို ရပ်ဆိုင်းထားရပြီး လာမည့်​ဖေ​ဖော်ဝါရီ ၁ ရက်​ ထိုင်းနိုင်ငံသို့ မြန်မာ့​ပြောင်းဆန်များ စတင်တင်ပို့ရန် နယ်စပ်​ပြောင်းကုန်သည်များက ပြင်ဆင်လျက်ရှိ​ကြောင်း သိရသည်။

 

news-eleven.com

Export, Import Read 335 times