နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ကုန်သွယ်မှုဒုတိယအများဆုံးဖြစ်သော မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံဘက်သို့ ပို့ကုန်တင်ပို့မှု မြင့်တက်လာသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လကျော်အလိုတွင် ယခင်နှစ်ကာလတူ ကုန်သွယ်မှုပမာဏကို ပြည့်မှီရန် ဒေါ်လာ ၆ ဒသမ ၁၆၀ သန်း လိုအပ်နေဆဲဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၏ စာရင်းထုတ်ပြန်ချက်များအရ သိရပါသည်။
မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း မှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ကုန်ပစ္စည်းတင်ပို့မှုမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ဖြစ်သော ဧပြီလ ၁ ရက်မှ ဖေဖော်ဝါရီ ၉ ရက်ထိ ဒေါ်လာ ၆၆ ဒသမ ၂၂ သန်း ကုန်သွယ်နိုင်ခဲ့သည့်အတွက် ယခင်နှစ်ကာလတူထက် ၁၅ ဒသမ ၈၀၈ သန်းပိုမိုတင်ပို့နိုင်ခဲ့သော်လည်း ထိုင်းကုန်ပစ္စည်းတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၇၀၀ ဒသမ ၅၂၄ သန်းသာ ကုန်သွယ်ထားကြောင်း သိရပါသည်။
မြဝတီဒေါနတောင်ကျော် အာရှလမ်းအသစ်ဖွင့်လှစ်ပြီးနောက် ထိုင်းကုန်ပစ္စည်းများ ကုန်သွယ်မှုတစ်ဟုန်ထိုး မြင့်တက်လာခဲ့သော်လည်း ယခုနှစ်တွင် ကားတင်သွင်းမှုဆိုင်ရာမူဝါဒအပြောင်းအလဲ၊ အခွန်ဆိုင်ရာမြင့်တက်မှုတို့ကြောင့် ကားတင်သွင်းမှု မရှိသလောက် လျော့နည်းသွားကာ တရားဝင်ကုန်သွယ်မှု လျော့ကျလာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
ယခုဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၇၆၆ ဒသမ ၇၄၇ သန်းသာ ကုန်သွယ်နိုင်ခဲ့သော်လည်း ယခင်ဘဏ္ဍာနှစ်က ၇၇၂ ဒသမ ၉ဝရသန်း ကုန်သွယ်မှုနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၆၀ သန်း လျော့နည်းနေဆဲဖြစ်ကြောင်း သိရပါသည်။
မြဝတီနယ်စပ်မှ ပြည်တွင်းထုတ်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ လယ်ယာထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ ကို ထိုင်းနိုင်ငံဘက်သို့ တင်ပိုမှုမှာ ယခင်နှစ်ထက် ပိုမိုများပြားခဲ့သော်လည်း ထိုင်းကုန်ပစ္စည်းတင်ပို့မှုမှာ ယခင်နှစ်ထက် ဒေါ်လာ ၂၁ ဒသမ ၉၆၈ သန်း လျော့ကျခဲ့ကြောင်း သိရပါသည်။
ထိုင်းနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်စခန်းများမှ ငါး၊ ပုဇွန်၊ ဂဏန်းတင်ပို့မှုမှာ ပုံမှန်ထက် လျော့ကျနေသော်လည်း မြဝတီနယ်စပ်မှ ပိုမိုတင်ပို့နိုင်ခဲ့ပြီး တစ်ပတ်လျှင်တန် ၁၃၀ ကျော်တင်ပို့လျက်ရှိကြောင်း သိရပါသည်။
ထိုင်းနိုင်ငံသို့ ပိုကုန်များမှာ ရေထွက်ကုန်များဖြစ်သော ငါး၊ ပုဇွန်၊ ဂဏန်းများနှင့် လယ်ယာထွက်ကုန်၊ ကြက်သွန်၊ နှမ်း၊ နှနွင်းနှင့် ပရဆေးများ တင်ပို့လျက်ရှိပါသည်။
မြန်မာသစ်များကို တရားဝင်တင်ပို့ခွင့်မရှိသော်လည်း တရားမဝင်တင်ပို့မှုအဖြစ် သောင်းရင်းမြစ်ဖြတ်ကျော်ဂိတ်များမှ တင်ပို့လျက်ရှိကြောင်း သိရပါသည်။
မြဝတီနယ်စပ်မှ စက်ယန္တရားများ၊ လယ်ယာသုံးပစ္စည်းများ၊ လယ်ထွန်စက်နှင့် စပါးခြွေလှေ့စက်များ၊ ဆိုင်ကယ်များကို ပုံမှန်တင်သွင်းလျက်ရှိပြီး ထိုင်းနိုင်ငံထုတ်စားသောက်ကုန်၊ အလှကုန်၊ လူသုံးကုန်နှင့် စက်သုံးဆီများ၊ ဓာတ်ငွေ့ရည်များ တင်သွင်းလျက်ရှိသလို လယ်ယာလုပ်ငန်းခွင်သုံး ဓာတ်မြေသြဇာများ၊ သံ၊ သွပ်၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများ၊ သကြားများကို Re-export အဖြစ် မြဝတီနယ်စပ်မှတစ်ဆင့် တရုတ်စျေးကွက်သို့ တင်ပို့လျက်ရှိကြောင်း သိရပါသည်။