MyCO ပထမဆုံးနေ့ ကုမ္ပဏီ တစ်သောင်း မှတ်ပုံတင်


02 August, 2018

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ အသစ်အရ ဩဂုတ်လ ၁ ရက်နေ့မှစ၍ ပြည်တွင်း ပြည်ပကုမ္ပဏီအားလုံး အွန်လိုင်းစနစ်ဖြင့်ပြန်လည်၍ကုမ္ပဏီမှတ်ပုံတင်ရမည်ဖြစ်ရာ ပထမဦးဆုံးနေ့မှာပင် ကုမ္ပဏီပေါင်း တစ်သောင်းခန့် မှတ်ပုံ တင်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာထံမှ သိရသည်။

ထိုကဲ့သို့ အွန်လိုင်းဖြင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်းလုပ်ငန်း လုပ်ဆောင်သော ကုမ္ပဏီများ အများအပြားရှိခြင်းကြောင့် ကုမ္ပဏီမှတ်ပုံတင်ရမည့် ဝက်ဘ်ဆိုက် www. myco.dica.gov.mm သည် ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှစတင်၍ စနစ်ချို့ယွင်းကာ ဝက်ဘ်ဆိုက် (Server Down) ကျဆင်းသွားသည့်အတွက် ပြန်လည်ပြင်ဆင်ခဲ့ရကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။

“တစ်သောင်းဝန်းကျင်လောက်တော့ ရှိတယ်။ (မှတ်ပုံတင်သည့်ကုမ္ပဏီ) အရမ်းများတော့ System က မနိုင်ဘဲ ဝက်ဘ်ဆိုက်က ကျသွားတာ”ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ဝက်ဘ်ဆိုက် ကျသွားသည့်ကိစ္စနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကလည်း အခက်အခဲဖြစ်ခဲ့သူ အားလုံးကိုတောင်းပန်ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

ဥပဒေအသစ်အရ ပြည်တွင်း ပြည်ပ ကုမ္ပဏီများအားလုံး အွန်လိုင်းစနစ်ဖြင့် ပြန်လည် မှတ်ပုံတင်ခြင်းအတွက် ဩဂု တ်လ ၁ ရက်နေ့မှစ၍ ခြောက်လအကြာ အချိန်သတ်မှတ်ပေးထားကြောင်း ယင်းဌာနထံမှ သိရသည်။

ယခု အွန်လိုင်းစနစ်ဖြင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်းများ မလုပ်ဆောင်မီ လက်ရှိအချိန်၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနတွင် ပြည်တွင်း ကုမ္ပဏီပေါင်း လေးသောင်းကျော်နှင့် နိုင်ငံခြားကုမ္ပဏီ လေးထောင်ကျော်က ကုမ္ပဏီ မှတ်ပုံတင်ထားကြောင်း အဆိုပါဌာနထံမှ သိရသည်။

  the voice myanmar

Local News Read 712 times