မန္တလေးတိုင်းအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်တဲ့ မြို့သာစက်မှုဇုန်စီမံကိန်းမှာ လက်ရှိအချိန်အထိ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ကျပ်ဘီလီယံ ၃၃၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း မြို့သာစက်မှုဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းအောင်ကပြောပါတယ်။
‘‘လက်ရှိအခြေအနေနဲ့ဆိုရင် နိုင်ငံခြားနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု နှစ်ခုပေါင်းကို ကျပ် ၃၃၈ ဘီလီယံလောက်အထိ ရင်းနှီးမြှုပ်နှံမှုရှိနေပြီ ဖြစ်ပါတယ်။ တည်ဆောက်ပြီး လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံကတော့ ရှစ်ခုအထိ ရှိနေပြီဖြစ်ပါတယ်’’လို့ ဒေါက်တာ ထွန်းထွန်းအောင်က ပြောပါတယ်။
မြို့သာစက်မှုဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ၏ စာရင်းများအရ လက်ရှိမှာ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၂၉၈ ဘီလီယံနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၅၀၈ သန်းအထိ ရှိလာကြောင်း ဖော်ပြထားပါတယ်။
မြို့သာစက်မှုဇုန်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားတဲ့ နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ နယ်သာလန်၊ ဂျပန်နှင့် အမေရိကန်တို့ ဖြစ်ပြီး လက်ရှိမှာ စက်ရုံရှစ်ခုက လုပ်ငန်းလည်ပတ်နေကာ တည်ဆောက်ဆဲ စက်ရုံခြောက်ခုအထိ ရှိနေသေးကြောင်း စာရင်းများမှာ ဖော်ပြထားပါတယ်။
ဒေါက်တာထွန်းထွန်းအောင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကတော့ MIC ကနေ တရားဝင်ခွင့်ပြုထားတဲ့ ပမာဏဖြစ်ပါတယ်။ သူတို့က အဲဒီထဲကနေ ရင်းနှီးမြှုပ်နှံမှုတွေကို တစ်ပိုင်းချင်းစပြီး လုပ်နေပြီဖြစ်ပါတယ်လို့ ပြောပါတယ်။ မြို့သာစက်မှုဇုန်ရှိ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများမှ တစ်ဆင့် ဒေသခံအများစုအတွက် အလုပ်အကိုင်အခွင့်အလမ်း ၂,၅၀၀ ကျော် ဖန်တီးပေးနိုင်ပါတယ်။
လက်ရှိ မန္တလေး - မြို့သာစက်မှုဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှာ ရှယ်ယာရှင် ၁,၆၀၀ ကျော်က အစုရှယ်ယာအစုပေါင်း ၁၃၀ ဒသမ ၆ သန်းကျော် ဝယ်ယူကာ ရင်းနှီးမြှုပ်နှံထားပြီး ကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အစုရှယ်ယာရှင်များကို ၎င်းတို့ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏရဲ့ ၅၅ ရာခိုင်နှုန်းအထိ ပြန်လည်ပေးအပ်ထားပြီးဖြစ်ပါတယ်။
7Day Daily