ရွှေအဝယ်များပြီး ရွှေကစားတဲ့ ဥဇဘက်ကစ္စတန် ဗဟိုဘဏ်


17 November, 2022

ရွှေအဝယ်များပြီး ရွှေကစားတဲ့ ဥဇဘက်ကစ္စတန် ဗဟိုဘဏ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဥဇဘက်ကစ္စတန် ဗဟိုဘဏ် National Bank of Uzbekistan သည် ရွှေစုဆောင်းနေပြီး တတိယ၃လပတ်တွင် ထိပ်တန်း ရွှေဝယ်လက်များထဲမှ တစ်ဦးဖြစ်ပါသည်။
နိုင်ငံခြားသုံးငွေ အရန်ရန်ပုံငွေ ကန်ဒေါ်လာ ၃၂ ဘီလီယံ ထားရှိသည့်အနက် သုံးပုံ နှစ်ပုံကို ရွှေဖြင့် ထားပါတယ်။

ယခင်မူဝါဒမှာ ရွှေကို အရန်ရန်ပုံငွေ စုစုပေါင်းရဲ့ ၅၀% အောက်မှာသာ ထားရှိပြီး အမေရိကန်ဒေါ်လာနှင့် တရုတ်ယွမ်တို့ကို ပိုများများ ထားရှိဖို့ ဖြစ်ပြီး ယခုအခါမှာတော့ ရွှေကို ပိုအသားပေးထားပါတယ်။ 
"ကျွန်တော်တို့က အစိုးရ ငွေချေးစာချုူပ်တွေကို ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားထားခဲ့ကြပါတယ်။ ဒါပေမဲ့ ဈေးကွက်အခြေအနေတွေက ခွင့်မပြုဘူး" လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ  Behzod Hamraev က Bloomberg မီဒီယာကို ပြောကြားပါတယ်။
.
ကမ္ဘာ့ရွှေကောင်စီ World Gold Council အဆိုအရ အရန်ရန်ပုံငွေမှာ ရွှေကို ရာခိုင်နှုန်းအားဖြင့် အများဆုံး ထားရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ 

 


.
National Bank of Uzbekistan  က ရွှေကို တတိယသုံးလပတ်မှာ ရွှေ ၂၆ တန် ထပ်မံဝယ်ယူခဲ့ပါတယ်။ တူရကီနိုင်ငံက အများဆုံး ဖြစ်ပြီး ဥဇဘက်ကစ္စတန်က ဒုတိယ အများဆုံး ဖြစ်ပါတယ်။ တူရကီနိုင်ငံက ‌ရွှေ ၃၁ တန် ဝယ်ယူခဲ့ပါတယ်။ 
.
ကမ္ဘာ့ရွှေကောင်စီ အဆိုအရ ကမ္ဘာတစ်လွှားမှ ဗဟိုဘဏ်များက တတိယ ၃ လပတ်မှာ ရွှေ တန် ၄၀၀ နီးပါး ဝယ်ယူခဲ့ကြပါတယ်။ ကမ္ဘာ့ရွှေကောင်စီရဲ့ ၃လပတ် အစီရင်ခံစာတွေထဲမှာ ရွှေဝယ်ယူမှု အမျာဆုံး စံချိန်တင်တဲ့ ၃လပတ် ဖြစ်ပါတယ်။ 
ယခုနှစ် ၂၀၂၂ ခုနှစ်အတွင်း စက်တင်ဘာလကုန်အထိ  ကမ္ဘာတစ်လွှားမှ ဗဟိုဘဏ်များက ရွှေတန်ချိန် စုစုပေါင်း ၆၇၃ တန် ဝယ်ယူခဲ့ကြပါတယ်။ ၁၉၆၇ ခုနှစ်နောက်ပိုင်း ရွှေဝယ်ယူမှု အများဆုံး စံချိန်ဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်တုန်းကလည်း ရွှေဝယ်ယူမှု စံချိန်တင်ခဲ့ပြီး ထိုစဉ်က အမေရိကန်ဒေါ်လာကို ရွှေဖြင့် ကျောထောက်နောက်ခံ ပြုပေးထားခဲ့ပါတယ်။ 
.
၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့ရွှေဈေးကွက်ထဲမှာ ရွှေတစ်အောင်စကို ကန်ဒေါ်လာ ၂,၀၀၀ အထက်သို့ စံချိန်တင် ရောက်ရှိခဲ့ပါတယ်။ ဥဇဘက်ကစ္စတန် ဗဟိုဘဏ်သည် ရွှေကို ဆက်လက်ကိုင်ဆောင်ထားရန် ဆုံးဖြတ်ခဲ့ပါတယ်။ "ဈေးက အရမ်းကောင်းပြီး ကျွန်တော်တို့  ရွှေကို ဆက်ကိုင်ထားခဲ့ပါတယ်" လို့ Hamraev က ပြောကြားပါတယ်။ 

 


.
ယခုနှစ် ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများမှာ  အထူးသဖြင့် ရုရှားရဲ့ ပြည်ပရှိ နိုင်ငံခြားအရန်ငွေ ထက်ဝက်နီးပါး သိမ်းဆည်းထားခံရပြီးနောက်မှာ  ရွှေကို ကိုင်ဆောင်ထားမှု မြင့်တက်စေခဲ့ပါတယ်။ 
.
 ဥဇဘက်ကစ္စတန်က  ရွှေဈေးမြင့်တက်ချိန်မှာ ရွှေတန်ချိန်အချို့ ထုတ်ရောင်းခဲ့ပါတယ်။  ၂၀၂၂ မတ်လမှာ ရွှေဈေးက စံချိန်သစ် တင်လုနီးပါးအထိ မြင့်တက်နေချိန်မှာ ဥဇဘက်ကစ္စတန် ဗဟိုဘဏ်က အခွင့်ကောင်းကို လက်လွှတ်မခံဘဲ ရွှေတန်ချိန် ၅၀ ရောင်းချခဲ့ပါတယ်။ 
.
"ဖြစ်နေကျက အရေးအခင်း စတင်ဖြစ်ပွားပြီ ဆိုရင် ရွှေဈေး မြောက်တက်တော့တာပဲ" လို့  Hamraev  က ပြောကြားပါတယ်။ "ငွေဖြစ်လွယ်မှု ကျုံ့သွားတဲ့အခါ အဲဒီလို ရွှေဈေး မြောက်တက်တာ ဖြစ်မှာလား။ အဲဒါကကြီးမားတဲ့ မေးခွန်းပဲ" လို့ ၎င်းက ပြောကြားပါတယ်။ 
.
မတ်လနောက်ပိုင်း  ရွှေဈေး အခြေအနေ ကျဆင်းခဲ့ရာ ခြုံငုံကြည့်လျှင် ၇ လဆက်တိုက် အကျဘက်မှာ ရှိနေခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ အတွင်း ကာလအကြာဆုံး အကျဘက် ရောက်နေခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော် နိုဝင်ဘာလတွင် ရွှေကို အားသန်လာကြပြန်ပါတယ်။ လဆန်းမှ ယခုအချိန်အထိ ရွှေဈေး ကန်ဒေါ်လာ ၁၀၀ ကျော် ပြန်မြင့်တက်လာခဲ့ပါတယ်။ 
.
ဒီဇင်ဘာလအတွက် Comex ရွှေကြိုပွိုင့်ကို  $1,751.70 ဖြင့် ရောင်းဝယ်ခဲ့ကြပါတယ်။
"ကျွန်တော်တို့အတွက် အကြောင်းရင်းခံ အချက်နှစ်ချက်ရှိပါတယ်၊ လက်ရှိပေါက်ဈေးနဲ့ အနာဂတ်စျေးနှုန်းတို့ ဖြစ်ပါတယ်" လို့ Hamraev  က ပြောကြားပါတယ်။
"ရွှေဈေး မြင့်တက်တယ်။ အထွတ်အထိပ်နေရာကို ရောက်သွားတယ်။ ပြီးတဲ့အခါ ပြန်ကျဆင်းလာတယ်။ အဲဒီအခိုက်အတန့်ကို ကျွန်တော်တို့ အရေးပေးတယ်။ တကယ်လို့ ဈေးက တက်နေတုန်းပဲ ဆိုရင်တော့ ကျွန်တော်တို့ ထုတ်မရောင်းသေးဘဲ စောင့်နေလိုက်တာ ပိုကောင်းပါတယ်" လို့  Hamraev  က ရှင်းပြပါတယ်။

ဥဇဘက်ကစ္စတန် ဗဟိုဘဏ်က  ပြည်တွင်းမှာ ထုတ်လုပ်သော ရွှေကိုလည်း ဝယ်ယူပါတယ်။ ပျမ်းမျှအားဖြင့်  တစ်နှစ်လျှင် ရွှေတန်ချိန် ၁၀၀ ခန့် ထွက်ပါတယ်။ ယခုနှစ်မှာ ၈၆.၅ တန် ဝယ်ယူခဲ့ပြီးပြီ ဖြစ်ပါတယ်။ အရန်ရန်ပုံငွေမှာ ရွှေစုစုပေါင်း ၃၉၉ တန် ရှိနေပါပြီ။
.
တကယ်လို့ အရန်ရန်ပုံငွေမှာ ရာနှုန်းပြည့် ရွှေတွေချည်း ဖြစ်နေလည်း အကြောင်း မဟုတ်ပါဘူးလို့ Hamraev  က ပြောပါတယ်။ ရာနှုန်းပြည့် ရွှေတွေချည်း ဖြစ်နေဖို့ဆိုတာက တကယ်လက်တွေ့မှာတော့ မဖြစ်နိုင်ပါဘူး။ ဗဟိုဘဏ်အနေဖြင့် ငွေစာရင်းမှာ ငွေသားအချို့ ရှိနေဖို့ လိုအပ်ပါတယ်။ 
.
တတိယ ၃လပတ်အတွင်းမှာ အမည်မဖော်တဲ့ ဗဟိုဘဏ်များရဲ့ ရွှေဝယ်ယူမှုများလည်း ရှိခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီက ပြောကြားပါတယ်။ အမည်မဖော်ဘဲ ဝယ်လေ့ဝယ်ထ ရှိတဲ့ ဗဟိုဘဏ်များထဲမှာ တရုတ်နှင့် ရုရှားတို့ ပါဝင်ပါတယ်လို့ ကမ္ဘာ့ရွှေကောင်စီရဲ့ ၃လပတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 
Source kitco
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 3466 times