ရေထွက်ကုန်တင်ပို့မှု ကန်ဒေါ်လာသန်း ၃၀၀ နီးပါးရှိ


16 February, 2019

ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ် လေးလအတွင်း (အောက်တိုဘာလမှ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ) ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာသန်း ၃၀၀ နီးပါးအထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရပါတယ်။

 ပြည်ပနိုင်ငံများသို့ ပုဂ္ဂလိကကဏ္ဍမှ ရေထွက်ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၉၇ ဒသမ ၇၇၉ သန်းရှိပြီး ယင်းပမာဏသည် ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှုထက် အမေရိကန်ဒေါ်လာ ၂၄ သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန၏ စာရင်းများအရ သိရပါတယ်။

 ရေထွက်ကုန်များကို ပင်လယ်ပြင်မှ ဖမ်းဆီးရရှိမှုသည် အကန့်အသတ်ဖြင့်သာ ရရှိနေခြင်းကြောင့် မွေးမြူရေးကန်များ ဖွံ့ဖြိုးရေးမှာ လိုအပ်ချက်များရှိနေပြီး မွေးမြူရေးကန်များ ဖွံ့ဖြိုးလာပါက နိုင်ငံ၏ ရေထွက်တင်ပို့မှုမှာ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“အခုက ပင်လယ်ပြင်က ငါးကိုပဲ အဓိကဖမ်းပြီး တင်ပို့နေတာ။ မွေးမြူရေးကန်တွေကို အခုထက်ပိုပြီး ဖွံ့ဖြိုးလာအောင် အစိုးရအနေနဲ့ လုပ်ပေးသင့်တယ်”ဟု ၎င်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှ ရေထွက်ပို့ကုန်များ ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်သော ပမာဏသည် နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၅၀၀ ဝန်းကျင်ရှိပြီး အများစုကို တရုတ်ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိကာ ယင်းပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့်ကိုသာ အီးယူနိုင်ငံများနှင့် အမေရိကဈေးကွက်သို့ တင်ပို့လျက်ရှိပါတယ်။

The Voice
 

Export, Import Read 423 times