၂ဝ၂ဝ ပြည့်နှစ်တွင် နီပေါနိုင်ငံသို့ ပြည်ပခရီးသွားဦးရေ ၁ ဒသမ ၅ သန်း လာရောက်မည်ဟု နီပေါနိုင်ငံက မျှော်မှန်းပြီး ယင်းခရီးသွားဦးရေ၏ သုံးပုံတစ်ပုံမှာ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ခရီးသွားများဖြစ်လိမ့်မည်ဟု နီပေါခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
ဟိမဝန္တာတောင်တန်းဒေသတွင် တည်ရှိသည့် နီပေါနိုင်ငံက ၂ဝ၂ဝ ပြည့်နှစ်ကို နီပေါခရီးသွားနှစ်အဖြစ် သတ်မှတ်ကာ လှုံ့ဆော်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။
နီပေါခရီးသွားနှစ်ကို နိုင်ငံလုံးဆိုင်ရာအဆင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် တတိယအကြိမ် အဖြစ် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။
နီပေါနိုင်ငံ၏ ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် ခရီးသွားနှစ်ကို ၁၉၉၈ ခုနှစ်တွင် ပထမဆုံးအကြိမ်၊ ၂ဝ၁၁ ခုနှစ်တွင် ဒုတိယအကြိမ် သတ်မှတ်ပေးခဲ့ပြီးဖြစ်သည်။
၂ဝ၁၇ ခုနှစ်တွင် နီပေါနိုင်ငံသို့ နိုင်ငံခြားခရီးသွားဦးရေ ၉၄ဝ၂၁၈ ဦး ရောက်ရှိခဲ့သည်။ ၂ဝ၁၈ ခုနှစ်မှစ၍ နှစ်စဉ်ခရီးသွားဦးရေ ၃ဝ ရာခိုင်နှုန်းခန့် တိုးတက်လာမည်ဟု မျှော်လင့်ရပြီး ယင်းနှုန်းအတိုင်း တိုးတက်သွားပါက ၂ဝ၂ဝ ပြည့်နှစ်တွင် နီပေါနိုင်ငံသို့ ရောက်ရှိလာမည့် ခရီးသွားဦးရေမှာ ၁ ဒသမ ၅သန်းရှိမည်ဖြစ်သည်။
တရုတ်နှင့်အိန္ဒိယနိုင်ငံများသည် နီပေါနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်၏ ကြီးမားသော အရင်းအမြစ်များဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံကြီးနှစ်နိုင်ငံမှ နီပေါနိုင်ငံသို့ လာရောက်မည့် ခရီးသွားဦးရေမှာ အဓိကကျပြီး ယင်းနိုင်ငံတို့မှ ခရီးသွားဧည့်သည်များ တိုးမြှင့်လာရောက်ရေးအတွက် ဆွဲဆောင်လှုပ်ရှားသွားမည်ဖြစ်ကြောင်း နီပေါယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာန အတွင်းဝန် ခရစ် ရှနာပရာဆတ် ဒီဗက်ကိုတာက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
လတ်တလောအချိန်တွင် နီပေါခရီးသွားနှစ် ၂ဝ၂ဝ ပြည့်နှစ် အတွက် တရုတ်နှင့် အိန္ဒိယမှ ခရီးသွားများ လာရောက်ရေးအတွက် မည်သည့် ဆွဲဆောင်စည်းရုံးမှုကိုမျှ မပြုလုပ်သေးကြောင်း၊ သို့သော် မိမိတို့၏အလွတ်သဘော ခန့်မှန်းချက်အရ အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံတို့မှ ခရီးသွားဦးရေ ၂၅ဝဝဝဝ ခန့် လာရောက်မည်ဟု မျှော်လင့်ရကြောင်း၊ ၂ဝ၁၇ ခုနှစ်တွင် နီပေါနိုင်ငံသို့ တရုတ်ခရီးသွား ဦးရေ ၁ဝ၄၆၆၄ ဦးနှင့် အိန္ဒိယမှ ခရီးသွားဦးရေ ၁၆ဝ၈၃၂ ဦးတို့ လာရောက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
NPE