၂၀၁၉ ခုနှစ်အတွင်း လျှပ်စစ်မီတာခ နှုန်းထားအသစ် ပြောင်းလဲကောက်ခံမည်


21 March, 2019

ပြည်တွင်း လျှပ်စစ်ဓာတ်အားခ နှုန်းထားတွေ ကောက်ခံမှုကို ကြည့်ရင် အိမ်သုံးဖြစ်ပါက ၁ ယူနစ်မှ ယူနစ် ၁၀ဝ အထိ ၃၅ ကျပ်နဲ့ ယူနစ် ၂၀ဝ ကျော်ရင် ကျပ် ၅၀ ဖြစ်ပါတယ်။ 

စက်မှုလုပ်ငန်းသုံးဆိုရင် ၁ ယူနစ်မှ ယူနစ် ၅၀ဝ အထိ ၇၅ ကျပ်ကောက်ခံပြီး သုံးစွဲမှုတိုးလာတာနဲ့အမျှ တိုးမြှင့်ကောက်ခံပြီး အများဆုံး တစ်ယူနစ် ကျပ် ၁၅၀ အထိရှိပါတယ်။

လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်နဲ့ ထုတ်လုပ်ရင် ဖြန့်ဖြူးမှုစရိတ်အပါအဝင် တစ်ယူနစ်ကို ၈၉ ကျပ်ကုန်ကျပြီး သဘာဝဓာတ်ငွေ့နဲ့ ထုတ်လုပ်ရင် ဖြန့်ဖြူးမှုစရိတ်အပါအဝင် ၁၇၈ ကျပ်ကုန်ကျပါတယ်။

လက်ရှိကောက်ခံနေတဲ့ တစ်ယူနစ် ဓာတ်အားခနှုန်းထားဟာ ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုကုန်ကျစရိတ်ထက် နည်းနေရာ နိုင်ငံတော်က နှစ်စဉ် ကျပ်သန်းပေါင်းရာချီပြီး အရှုံးခံ စိုက်ထုတ်ဖြန့်ဖြူးပေးနေရပါတယ်။ ၂၀၁၈-၁၉  ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၅၀ဝ ကျော် အရှုံးခံစိုက်ထုတ်ရနိုင်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

တစ်တိုင်းပြည်လုံးရဲ့ ၄၃ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား ဖြန့်ကြက်ထားနိုင်ပြီဖြစ်ပြီး ၂၀၁၉ နှစ်ကုန်ရင်တော့ တစ်နိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိဖို့ လျာထားပါတယ်။ ဒီလိုရရှိအောင်လည်း ဓာတ်အားခွဲရုံသစ်များ၊ လိုင်းသစ်များ၊ ဓာတ်အားပေးစနစ်သစ်များ အခုနှစ်ထဲမှာ ပြီးစီးမှာဖြစ်ရာ ထုတ်လုပ်မှုအပေါ်မူတည်ပြီး နိုင်ငံတော်က အရှုံးခံစိုက်ထုတ်ရမှု ပိုလာမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။

နိုင်ငံတော်က အရှုံးခံစိုက်ထုတ်နေရမှု အခြေအနေကို ပြန်ကာမိစေဖို့ ၂၀၁၉ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားခနှုန်းထား ပြောင်းလဲကောက်ခံမယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနက တရားဝင်ထုတ်ဖော်ပြောဆိုထားပြီး နယ်ပယ်ကဏ္ဍ အသီးသီးအလိုက် လေ့လာစမ်းစစ်မှုတွေ ပြုလုပ်ကာ ကောက်ခံမယ့်ပုံစံကို  မူကြမ်းရေးဆွဲပြီးဖြစ်ပါတယ်။

မီတာခနှုန်းထား တိုးမြှင့်ကောက်ခံရေးကိစ္စဟာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန တစ်ခုတည်းရဲ့ ဆုံးဖြတ်ချက်နဲ့မရဘဲ နိုင်ငံတော်အစိုးရအဖွဲ့ ခွင့်ပြုချက်၊ လွှတ်တော်အသီးသီးရဲ့ ထောက်ခံချက်များနဲ့ ဆောင်ရွက်မယ်လို့ ဝန်ကြီးဌာန အဆင့်မြင့်အရာရှိက ပြောပါတယ်။

" အောက်ခြေပြည်သူလူထု ဝင်ငွေနည်းပါးတဲ့  ဆင်းရဲချို့တဲ့နေတဲ့ ပြည်သူတွေကို လုံးဝထိခိုက်မှုမရှိအောင် အဓိကထားတဲ့ မီတာခကောက်ခံနှုန်းထား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို လုပ်မှာပါ။ ချမ်းသာပြီး အရမ်းသုံးနေတဲ့သူတွေကတော့ ကျွန်တော်တို့ရဲ့ ကုန်ကျစရိတ်ကို အခြေခံထားပြီး အရင်းတိုင်းပေးရမယ်။  အဲဒီအယူအဆကို အခြေခံထားပြီး မီတာခပြောင်းလဲရေးလုပ်မှာ" လို့ ၎င်းက ပြောပါတယ်။

လျှပ်စစ်သုံးစွဲမှုမှာ အမှန်တကယ်ထုတ်လုပ်မှု ကုန်ကျစရိတ်အတိုင်းပေးပါက နိုင်ငံအတွင်း အရှုံးခံစိုက်ထုတ်နေရတဲ့ ငွေတွေကို ကျေးရွာပေါင်း မြောက်မြားစွာစီ လျှပ်စစ်မီး ပေးဝေနိုင်မှာဖြစ်ပါတယ်။

နိုင်ငံတော်က မီတာခနှုန်းထားတွေ တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး စက်မှုဇုန် ၂၉ ဇုန်မှ ကိုယ်စားလှယ်ခြောက်ဦးကို ခေါ်ယူကာ ချပြဆွေးနွေးခဲ့ရာ နှုန်းထားသစ်တွေကို စက်မှုဇုန်များဘက်က လက်ခံခဲ့ကြောင်း ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ စက်မှုဇုန်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

"ဈေးတက်တာကို ကျွန်တော်တို့ဘက်က ကန့်ကွက်ရန် မရှိပါဘူး။ ဒါပေမဲ့ တည်ငြိမ်ပြီး မီအားပြည့်တဲ့ လျှပ်စစ်ကိုတော့ လိုချင်ပါတယ်။ ပျက်လိုက်လာလိုက်ဆိုရင် စက်မှုဇုန်က အလုပ်လုပ်လို့မရဘူး" လို့ ၎င်းက ပြောပါတယ်။ ဝန်ကြီးဌာနဘက်ကလည်း တည်ငြိမ်တဲ့ ဓာတ်အားနဲ့ လိုအပ်သလောက် လျှပ်စစ်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)  အရ ၂၀၂၁ ခုနှစ်မှာ တစ်နိုင်ငံလုံးရဲ့ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၆ ခုနှစ်မှာ ၇၅ ရာခိုင်နှုန်းအထက်နဲ့ ၂၀၃၀ ပြည့်နှစ်မှာတော့ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ဦးစားပေးဆောင်ရွက်နေပါတယ်။

ဒါ့ပြင် ကမ္ဘာ့ဘဏ်ချေးငွေနဲ့ အကောင်အထည်ဖော်နေတဲ့ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်အရ မွန်၊ ကရင်၊ ဧရာဝတီ၊ မန္တလေး၊ ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၅,ဝဝဝ ကျော်မှာ အခုနှစ်အတွင်း အမျိုးသားဓာတ်အားပေးစနစ်မှ လျှပ်စစ်မီးရရှိမှာဖြစ်ပါတယ်။

မီတာခနှုန်းထားတွေ တိုးမြှင့်ကောက်ခံနိုင်မှသာ နိုင်ငံဖွံ့ဖြိုးမှုအတွက် လိုအပ်နေတဲ့လျှပ်စစ်ကို ဖြည့်ဆည်းနိုင်မှာဖြစ်သလို လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးလက်နေပြည်သူတွေနဲ့  တောင်တန်းဒေသတွေကို ပေးမယ့်လျှပ်စစ်မီး လျာထားချက်ကိုလည်း အမြန်ရောက်ရှိနိုင်မှာဖြစ်ပါတယ်။

The Myanmar Times

Taxation Read 4223 times