ယခုနှစ်ကျောင်းဖွင့်ချိန်တွင်စတင်ပြေးဆွဲတော့မည့် ကျောင်းကားအသစ်များ


17 May, 2018

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြည်ပကနေ ဝယ်ယူတင်သွင်းထားတဲ့ ကားတွေနဲ့ ကျောင်းကြိုပို့ယာဉ်တွေ ပြေးဆွဲမယ့် Golden Hand ကုမ္ပဏီဟာ အစိုးရကို ကားတွေ ပြန်အပ်လိုက်လို့ YRTA ကနေ ပြေးဆွဲဖို့ရှိကြောင်း သိရပါသည်။

ရန်ကုန်တိုင်းအစိုးရက ဝယ်ယူထားတဲ့ ကိုရီးယားနိုင်ငံထုတ် ဟွန်ဒိုင်းအမျိုးအစား ကျောင်းကားအစီး ၂၀၀ ကို အစိုးရစာသင်ကျောင်းတွေမှာ Golden Hand ကုမ္ပဏီက တာဝန်ယူပြေးဆွဲဖို့ အရင်နှစ်ထဲက အစိုးရနဲ့ သဘောတူထားကြောင်း သိရပါသည်။

ထိုကုမ္ပဏီအနေနဲ့ ကျောင်းကြိုပို့ကား မပြေးဆွဲတော့ဘဲ အစိုးရကို ပြန်အပ်လိုက်လို့ အခုနှစ် မိုးရာသီ ကျောင်းဖွင့်ချိန်မှာ အစိုးရကပဲ ပြေးဆွဲလာနိုင်တယ်လို့ အ.ထ.က (၂) စမ်းချောင်းက ကျောင်းကြိုပို့ယာဉ်ကြီးကြပ်ရေးကော်မတီတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ ကျောင်းကားပိုင်ရှင်တွေဟာ မေလ ၄ ရက်မှာ ကျောင်းကားပြေးဆွဲဖို့ကိစ္စနဲ့ ပတ်သက်လို့ တွေ့ဆုံခဲ့ကြပြီး ဝန်ကြီးချုပ်ကနေ Golden Hand ကုမ္ပဏီအနေနဲ့ ကျောင်းကားတွေကို ပြန်အပ်ခဲ့တယ်လို့ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

မနှစ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝယ်ယူခဲ့တဲ့ ကျောင်းကားသစ် အစီး ၂ဝဝ အနက် အစီး ၁ဝဝ လောက်ကို ရန်ကုန်ရှိ TTC ကျောင်း နှစ်ကျောင်းမှာ စတင်အသုံးပြုဖို့ရှိပြီး ကျောင်းကားအသစ်တွေကို ရန်ကင်း TTC ကျောင်းနဲ့ ကမာရွတ် TTC ကျောင်းတွေအပြင် စာသင်ကျောင်းတချို့မှာလည်း ပြေးဆွဲဖို့ ရှိနေကြောင်း သိရပါတယ်။

အစိုးရရဲ့ ကျောင်းကားအသစ်တွေ အများအပြား ဝင်ရောက်လာရင် လက်ရှိပြေးဆွဲနေတဲ့ ပုဂ္ဂလိက ကျောင်းကားပိုင်ရှင်တွေ အဆင်မပြေ ဖြစ်လာနိုင်တယ်လို့လည်း စမ်းချောင်း အ.ထ.က (၂) က ကျောင်းကားကော်မတီ ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။

အခုနှစ်မိုးရာသီမှာ ကျောင်းကားပြေးဆွဲရေးကိစ္စနဲ့ ပတ်သက်လို့ စမ်းချောင်း အ.ထ.က (၂) က ကျောင်းကားပြေးဆွဲသူတွေနဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်တို့ ဒီကနေ့ တွေ့ဆုံညှိနှိုင်းမှုတွေ ထပ်လုပ်ဖို့ ရှိနေပါတယ်။

အရင်နှစ်က ပုဂ္ဂလိကကျောင်းကားတွေဟာ ကျောင်းသားတဦးကို တစ်လ ငွေကျပ် သုံးသောင်းကနေ လေးသောင်းလောက်အထိ ယာဉ်စီးခပေးရပြီး ကျောင်းကားအသစ်တွေကတော့ ခုနစ်သောင်းလောက်အထိ ကျနိုင်တယ်လို့ ကျောင်းကားပြေးဆွဲသူတွေက ပြောပါတယ်။

အခုလာမယ့်စာသင်နှစ်မှာ ကျောင်းကြိုပို့ယာဉ်တွေအဖြစ် မီနီဘတ်စ်နဲ့ မိုက်ခရိုဘတ်စ်တွေကိုသာ ပြေးဆွဲခွင့်ပြုမှာဖြစ်ပြီး လိုက်ထရပ်ကားတွေကိုတော့ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ခွင့်မပြုတော့ကြောင်း သိရပါတယ်။

ကျောင်းကြိုပို့ကားတွေ အားလုံးဟာ သတ်မှတ်ဆေး အဝါရောင်၊ ဘယ်မောင်း၊ ယာဉ်ရဲ့ ညာဘက်မှာ အတက် အဆင်း တံခါးပေါက်နဲ့ လုံခြုံစိတ်ချရတဲ့ သော့စနစ် တပ်ဆင်ထားရမယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သတ်မှတ်ထားပါတယ်။

ထို့အပြင် ကားအရှေ့နဲ့ အနောက်ဘက်မှာ School Bus စာသားနဲ့ ကားဘေးမှာ ကျောင်းအမည်နဲ့ တယ်လီဖုန်းနံပါတ်တွေ ရေးထားရမည်ဖြစ်ပြီး၁ဝ ဦးနဲ့အထက် တင်ဆောင်နိုင်ရမယ်။ ထိုင်ခုံတိုင်းမှာ ခါးပတ်ပါရမှာ ဖြစ်သလို ရှေးဦးသူနာပြုသေတ္တာနဲ့ မီးသတ်ဆေးဘူးလည်း ပါရှိရမှာဖြစ်ပါတယ်။

ကျောင်းကားမောင်းသူဟာ ယာဉ်မောင်းလိုင်စင် “ဃ”လိုင်စင် ရှိရာမှာဖြစ်ပြီး အမြန်နှုန်းကိုလည်း ၁ နာရီ ကီလိုမီတာ ၄ဝ ထက် ကျော်လွန်မောင်းနှင်ခြင်းမပြုဖို့ ကန့်သတ်ထားကြောင်း သိရပါသည်။

 DVB

Local News Read 502 times