ရန်ကုန်ဆိပ်ကမ်းနေရာကို လက်ရှိကမ်းနားနေရာကနေ ရန်ကုန်မြစ်ရဲ့ထိပ်ဖက်ကိုရွေ့ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Myanmar Wooree ကုမ္ပဏီတို့အကြား စက်မှုဇုန်ဖွံ့ဖြိုးမှုနယ်မြေတည်ထောင်နိုင်ရေးကိစ္စနှင့်စပ်လျဉ်းပြီး နားလည်မှုစာချွန်လွှာ(MOU)လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ကိုရီးယား - မြန်မာ ချစ်ကြည်ရေး ဒလ တံတား တည်ဆောက်မယ့် ဧရိယာရဲ့ တံတားအဆင်းနေရာမှာစက်မှုဖွံ့ဖြိုးမှုနယ်မြေအဖြစ် ဆောင်ရွက်သွားမယ်လို့ လည်း ၎င်းက ပြောကြားပါတယ်။
“ကျွန်တော်တို့ ဒီနေ့ဆောင်ရွက်တဲ့ ကိစ္စကတော့ ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ Project တစ်ခုဖြစ်တဲ့ ကိုရီးယားနိုင်ငံနဲ့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကြားမှာ နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးနိုင်ခြင်းဟာ ကျွန်တော်တို့ရဲ့ပထမခြေလှမ်းတစ်ခုကို စတင်နိုင်ခြင်းပဲဖြစ်ပါတယ်”
လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။
ဒလ တံတားကို ၂၀၂၀-၂၀၂၁ ခုနှစ်မှာ စတင်သွားလာနိုင်ဖို့ ပြင်ဆင်နေပြီး မကြာခင် စတင်တည်ဆောက်လုပ်တော့မှာဖြစ်တယ်လို့ လည်း သူကပြောပါတယ်။
“ဒီတံတားကြီး တည်ဆောက်လိုက်မယ်ဆိုရင် wooree နဲ့ဆောင်ရွက်မယ့် စက်မှုဇုန် ဧရိယာဟာ အလွန်အင်မတန်ကို ကောင်းတဲ့နေရာတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာ အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။’’ဟု ၎င်းက ပြောသည်။
Duwun