တရုတ်နိုင်ငံ ကုန်သွယ်ရေးအချက်အလက်များအရ ၂၀၂၁ ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံမှ သတ္တုရိုင်းများ တင်သွင်းမှုမှာ လျော့ကျသွားတဲ့ သတ္တုရိုင်းတွေ ရှိသလို ပိုတိုးလာနေတဲ့ သတ္တုရိုင်းတွေလည်း ရှိတယ်လို့ Financial Post ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။
နီကယ်သတ္တုရိုင်း (nickel pig iron -NPI) စီးဆင်းမှု မရှိလုနီးပါးအထိ လျော့ကျသွားပြီး ကြေးနီးတင်ပို့မှုကတော့ တစ်လထက် တစ်လ နှစ်ဆတက်နေတာ တွေ့ရပါတယ်။
မြန်မာ့နီကယ်သတ္တုရိုင်း တင်ပို့မှု ထိုးကျသွားတာကြောင့် ကမ္ဘာ့နီကယ်ဈေးကွက်မှာ ဈေးထိုးတက်သွားတဲ့အထိ ဂယက်ထသွားခဲ့ပါတယ်။
မြန်မာသတ္တုတွင်းတူးဖော်မှုမျာ တိုက်ရိုက်ပါဝင်လုပ်ကိုင်နေတဲ့ တရုတ်လုပ်ငန်းတွေဟာ သံမဏိရိုင်းကုန်ကြမ်းဖြစ်တဲ့ NPI ကို မတ်လအတွင်းမှာ တရုတ်နိုင်ငံသို့ ၂၉၈ တန်ကိုသာ တင်သွင်းခဲ့တယ်လို့ တရုတ်နိုင်ငံ အကောက်ခွန်ရဲ့ အချက်အလက်များမှာ ဖော်ပြထားတယ်။ ဖေဖော်ဝါရီလထက် ၉၀% လျော့ကျခဲ့တာဖြစ်ပြီး ယမန်နှစ်ထက် ၉၄ လျော့ကျခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီလနောက်ပိုင်း အနည်းဆုံး တစ်လတာစုစုပေါင်း ပမာဏ ဖြစ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးရှိ တကောင်းတောင် နီကယ်သတ္တုတွင်းမှာ လုပ်ကိုင်နေတဲ့ China Nonferrous Metal Mining Group နဲ့ Taiyuan Iron & Steel (Tisco) တို့ဟာ တစ်နှစ်တာ ထုတ်လုပ်နိုင်စွမ်း ပမာဏ ၈၅,၀၀၀ တန် ရှိပါတယ်။
မြန်မာနိုင်ငံမှ သန့်စင်ပြီးကြေးနီ တင်သွင်းမှုက မတ်လမှာ ၁၁,၀၀၁ တန် ရှိခဲ့ပြီး ဖေဖော်ဝါရီလထက် ၁၂၀% မြင့်တက်ခဲ့ပါတယ်။ ယမန်နှစ်ကထက် ၃၇.၆% ရှိပါတယ်။ ကြေးနီးစီမံကိန်းနှစ်ခုကို တရုတ်အစိုးရပိုင် Wanbao Mining နဲ့ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်တို့ လုပ်ကိုင်လျက် ရှိပါတယ်။
တရုတ်အစိုးရပိုင် သတင်းမီဒီယာ China Daily ရဲ့ အဆိုရ လက်ပံတောင်းတောင် ထုတ်လုပ်မှုကို အခြေအနေ မတည်ငြိမ်တာကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းထားတယ်။
သံဖြူသတ္တုသန့် ထုတ်လုပ်တဲ့ သံဖြူသတ္တုရိုင်းသန့်တွေ တရုတ်နိုင်ငံသို့ တင်သွင်းမှုက မတ်လမှာ ဖေဖော်ဝါရီလထက် ၁၂၀% မြင့်တက်ခဲ့ပြီး ယမန်နှစ်ထက် ၃၄.၂% မြင့်တက်ခဲ့ပါတယ်။ မတ်လမှာ တန်ချိန် ၁၈,၁၆၃ တန် တင်သွင်းခဲ့ပါတယ်။ သံဖြူသတ္တုရိုင်းသန့် တင်သွင်းမှုမှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအဖို့ အခရာကျတဲ့ တင်ပို့သူ ဖြစ်ပါတယ်။
မြေရှားအောက်ဆိုဒ် တင်သွင်းမှုက မတ်လမှာ ဖေဖော်ဝါရီလထက် ၅၅.၇% ပိုများခဲ့ပြီး ၂,၄၁၄ တန် တင်သွင်းခဲ့ပါတယ်။ ယမန်နှစ်ကထက် ၃% လျော့ကျပါတယ်။ Global Times မှ သတင်းဖော်ပြထားတာမှာ မြန်မာနိုင်ငံမှ တင်ပို့မှုအတွက် ထောက်ပံ့ပို့ဆောင်ရေး လောဂျစ်စတစ် ကိစ္စရပ်တွေကြောင့် လျော့နည်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဆန်းစစ်သူတွေက ရိုက်တာသတင်းဌာနကို ပြောကြားတာမှာတော့ လောဂျစ်စတစ် ကိစ္စရပ်တွေကြောင့်မဟုတ်ဘူးလို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ လေးလံတဲ့မြေရှားတွေ တင်သွင်းတာမှာ ထက်ဝက်နီးပါးကို မြန်မာနိုင်ငံမှ တင်သွင်းနေတာ ဖြစ်ပါတယ်။
မြေရှား သတ္တု ဒြပ်စင် ၁၇ မျိုး ရှိတဲ့အနက် Lanthanum နဲ့ Dysprosium Oxide အပါအဝင် ၅ မျိုးကို မြန်မာနိုင်ငံမှာ ထုတ်လုပ်ပါတယ်။ တရုတ်ဘာသာစကားဖြင့် 'ရှီထူ' လို့ ခေါ်ဝေါ်ပြီး ရွှေသတ္တုရိုင်းထက် ဈေးပိုကြီးပါတယ်။
Source: Financialpost.com