ဂျပန်ထိပ်တန်း ကားထုတ်လုပ်ရေးလုပ်ငန်း Toyota Motor ကို လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ခြင်းမှ တားမြစ်မိန့် ထုတ်ပြန်ပေးဖို့ တရားရုံးမှာ မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် Nippon Steel က တရားစွဲဆိုထားပါတယ်။ အမှုတွဲမှာ Toyota Motor အပြင် တရုတ်နိုင်ငံမှ စတီးထုတ်လုပ်ရေး လုပ်ငန်းတစ်ခုလည်း ပါဝင်ပါတယ်။
Nippon Steel က အသိပေးပြောကြားရာမှာ Toyota နဲ့ Baoshan Iron & Steel တို့ကို တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။ Toyota and Baoshan Iron & Steel က တရုတ်နိုင်ငံပိုင်လုပ်ငန်းစုကြီး ဖြစ်တဲ့ China Baowu Steel Group လက်အောက်ခံ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ စွပ်စွဲချက်မှာ အဆိုပါ ကုမ္ပဏီ နှစ်ခုက လျှပ်စစ်မော်တော်ယာဉ်သုံး လျှပ်စစ်မော်တာတွေမှာ အသုံးပြုတဲ့ လားရာမဲ့ လျှပ်စစ်စတီးပြား (nonoriented electrical steel sheet) အတွက် Nippon Steel ရရှိထားတဲ့ မူပိုင်ခွင့်ကို ချိုးဖောက်ထားတယ်လို့ ဆိုပါတယ်။
စတီးထည် ထုတ်လုပ်တဲ့ Nippon Steel က အဆိုပါ ကုမ္ပဏီတစ်ခုချင်းထံမှ လျော်ကြေး ယန်း ၂၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၇၆ သန်း) ရလိုကြောင်း ရုံးတော်မှာ လျှောက်ထားပါတယ်။ အမှုကို ကြားနာစစ်ဆေးခြင်းမတိုင်ခင် လောလောဆယ်မှာ Toyota ကို လျှပ်စစ်ကား ရောင်းချခြင်း မပြုဖို့ တားမြစ်မိန့် ထုတ်ပြန်ပေးဖို့လည်း ပန်ကြားလွှာ တင်ထားပါတယ်။
Toyota က Nippon Steel ရဲ့ ထုတ်ကုန်တွေ ဝယ်ယူသုံးစွဲတဲ့ လုပ်ငန်းတွေထဲမှာ ထိပ်ဆုံးနေရာမှာ ရှိပါတယ်။ ဂျပန်ကုမ္ပဏီကြီးတစ်ခုက ထိပ်တန်းဖောက်သည့် ဂျပန်ကုမ္ပဏီကို အခုလို မူပိုင်ခွင့်ကြောင့် တရားစွဲဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ် ဖြစ်ပါတယ်။
လျှပ်စစ်မော်တာမှာ ထည့်သွင်းအသုံးပြုတဲ့ nonoriented electrical steel sheet မှာ ပေါင်းစပ်ပါဝင်ပုံ ချိန်ညှိခြင်းနဲ့ အထူချိန်ညှိပေးခြင်းတို့ဖြင့် မော်တာလည်ဖို့ လိုအပ်တဲ့ ပါဝါပမာဏ လျော့ကျအောင် စီမံပေးလို့ ရပါတယ်။
အဲဒီ စတီးကို Baoshan က ထုတ်လုပ်ပေးပြီး Toyota ကို ပေးသွင်းနေတာကြောင့် Baoshan ကိုလည်း မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် တရားစွဲဆိုရတာဖြစ်တယ်လို့ Nippon Steel က ပြောကြားပါတယ်။ Baoshan က ထုတ်လုပ်ပေးတဲ့ စတီးပြားထုတ်ကုန်ကို Toyota က ဂျပန်မှာ ရောင်းချနေတဲ့ လျှပ်စစ်ကားတွေရဲ့ မော်တာတွေမှာ သုံးစွဲထားတာကြောင့် လျှပ်စစ်ကား ရောင်းချမှုကို တားမြစ်ဖို့ ပန်ကြားထားတာ ဖြစ်ပါတယ်။
ယခုလို တရားစွဲဆိုခြင်း မပြုခင်မှာ ကုမ္ပဏီနှစ်ခုစလုံးနဲ့ ဆွေးနွေးကြည့်ခဲ့ပေမဲ့ အကြောင်းမထူးတာကြောင့် တရားစွဲဆိုလိုက်ရတာ ဖြစ်တယ်လို့ Nippon Steel က ပြောကြားပါတယ်။
၂၀၁၂ ခုနှစ်တုန်းကလည်း Nippon Steel က လျှပ်စစ်စတီးပြား မူပိုင်ခွင့်ဖြင့် တောင်ကိုရီးယားမှ Posco ကို တရားစွဲဆိုခဲ့ဖူးပါတယ်။ လျှပ်စစ်စတီးပြား ထုတ်လုပ်တဲ့နည်းပညာကို Posco က တရားမဝင်တဲ့နည်းလမ်းဖြင့် ရယူထားတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ကုမ္ပဏီနှစ်ခု တရားရုံးပြင်ပမှာ ဆွေးနွေးညှိနှိုင်းပြီး ကြေအေးခဲ့ပါတယ်။
Toyota က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ပစ္စည်းထုတ်လုပ်သူများနဲ့ ဆွေးနွေးသင့်ကြောင်းနှင့် Toyota ကိုပါ တရားစွဲဆိုတဲ့အတွက် အလွန်အမင်း စိတ်ပျက်စရာဖြစ်နေကြောင်း ပြောကြားထားပါတယ်။၊
Toyota အနေဖြင့် လျှပ်စစ်စတီးပြား အပါအဝင် မည်သည့်ပစ္စည်းမျိုးကို မဆို ထုတ်လုပ်သူများထံမှ ပစ္စည်းရယူသည့်အခါ မူပိုင်ခွင့် ချိုးဖောက်ထားခြင်း တစ်စုံတစ်ရာ မရှိကြောင်းကို ထုတ်လုပ်သူထံမှ အတည်ပြုချက် အရင်ရယူပြီးမှ ပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်းဖြစ်ကြောင်း ရှင်းပြထားပါတယ်။
asia.nikkei.com