ကျောက်တန်းမြို့နယ်တွင် ဆောင်ရွက်မည့် နိုင်ငံတကာစက်မှုဇုန် ပတ်သက်၍ ဒေသခံပြည်သူလူထု၏ သဘောတူညီချက် ၁၀၀ ရာခိုင်နှုန်းမရရှိသေး


28 August, 2020

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်က 

“ ကျောက်တန်းမြို့နယ်တွင် ဆောင်ရွက်မည့် နိုင်ငံတကာစက်မှုဇုန်နှင့် ပတ်သက်၍ မည်သည့်အချိန်တွင် စတင်ဆောင်ရွက်နိုင်ရန်အတွက် ခွင့်ပြုနိုင်ခြင်း ရှိ/မရှိ၊ ခွင့်ပြုနိုင်ခြင်းမရှိပါက လွှတ်တော်တွင် တင်ပြထား၍ အတည်ပြုချက်အား မည်သို့ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း၊ ခွင့်ပြုပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်နိုင်မည်ကို သိရှိလိုပါကြောင်း ” မေးမြန်းရာ

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက “ စက်မှုဇုံ(၁၁)ဇုံအကောင်အထည်ဖော်ရန် ၂၀၁၈ ခုနှစ် ၊ ဧပြီလ မတိုင်ခင်တည်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့တော်ဝန်ကြီးက လွှတ်တော်ကိုတင်ပြခဲ့ပါကြောင်း၊ လွှတ်တော်က မှတ်တမ်းအဖြစ်ထားရှိခဲ့ပါကြောင်း၊

၂၀၁၈ ခုနှစ်မှ ယနေ့အချိန်အထိ ရန်ကုန်တိုင်း Investment Forum က ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့ပါကြောင်း၊ ဖိတ်ခေါ်သည့်အခါ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများက စိတ်ဝင်စားသည့် နေရာကို အစိုးရကအကောင်အထည်ဖော်မှုပုံစံများ ၊ operation model များ၊ နိုင်ငံတော်ကိုပေးသွင်းနိုင်မှုအခြေအနေများ၊ ပြည်တွင်းလုပ်ငန်းရှင်ဖြစ်လျှင် နိုင်ငံတော်ကို အခွန်ထမ်းဆောင် ထားမှုအခြေအနေများ စသည်ဖြင့် စိစစ်သုံးသပ်ပြီးရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ အခိုင်အမာရှိလျှင် မြေပြင်ကွင်းဆင်း၍

ပြည်သူလူထု၏ သဘောထားတူညီချက်ကိုရယူပါကြောင်း၊ အလားတူ စီမံကိန်း (၁၁)ခုအနက် လှည်းကူးစက်မှုဇုံ စီမံကိန်းနှင့် ထန်းတပင်စက်မှုဇုံ စီမံကိန်း သည် on going process အနေဖြင့် ရှိနေပါကြောင်း၊ လှည်းကူးစက်မှုဇုံစီမံကိန်းသည် နောက်ဆုံး MIC က ခွင့်ပြုမိန့်ရပြီးသည့်အခြေအနေဖြစ်ပါကြောင်း၊ ထန်းတပင်စက်မှုဇုံသည် switch challenge ခေါ်ရန် International consultant farm ကို ရွေးချယ်မည့်အဆင့် ရောက်ရှိနေပြီဖြစ်ပါကြောင်း၊

ကျောက်တန်းစက်မှုဇုံ ကိုလည်း ၇.၁.၂၀၂၀ ရက်နေ့တွင် ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံပါကြောင်း၊ စက်မှုဇုံတစ်ခုကို အကောင်အထည်ဖော်ဆောင်ရာတွင် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထုသဘောတူရမည် ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ ၁၀၀ ရာခိုင်နှုန်း သဘောတူညီချက်ရရှိမှသာလျှင် နောက်တစ်ဆင့်ကို တက်ရမှာ ဖြစ်ပါကြောင်း၊

ပြည်သူလူထုက ၁၀၀ ရာခိုင်နှုန်းသဘောညီချက်ရရှိလျှင် လွှတ်တော်ကို တင်ပြရပါကြောင်း၊ လွှတ်တော်က အတည်ပြုလျှင် သမ္မတရုံး၏ခွင့်ပြုချက်၊ DACU ၏ ခွင့်ပြုချက်၊ စီမံဘဏ္ဍာဝန်ကြီး၏ခွင့်ပြုချက်၊ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်၊ ဝန်ကြီးဌာနများ၏ ခွင့်ပြုချက်များကို ဆက်လက်ရယူပြီး နောက်ဆုံး MIC ၏ ခွင့်ပြုချက်ကို ဆက်လက်ရယူပါကြောင်း၊

လုပ်ငန်းစဉ် အဆင့်ဆင့် (၁၁)ဆင့်ခန့်သွားရပါကြောင်း၊ ဥပဒေအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေပိုင်းဆိုင်ရာ လမ်းညွှန်မှုကို ခံယူရခြင်းများရှိပါကြောင်း၊ ကိုယ်စားလှယ်ကြီးမေးမြန်းသည့် မေးခွန်း(၁)အား ဖြေကြားရာတွင့် (၁) ပြည်သူသဘောတူရမည်ဖြစ်ကြောင်း၊ ဘယ်အချိန်မှာ ၁၀၀ ရာခိုင်နှုန်းသဘောတူမည်ဆိုသည်ကို ခန့်မှန်းရ ခက်ပါကြောင်း၊

(၂) ပြည်သူသဘောတူညီချက်ရပြီးလျှင် ရန်ကုန်တိုင်းလွှတ်တော်ကသဘောတူညီကို ရယူရမည်ဖြစ်ပါကြောင်း၊ အဆိုတင်သွင်းရာတွင် ပြန်လည်ချေပပြီး မဲခွဲဆုံးဖြတ်ရမည့် အခြေအနေတွင် လွှတ်တော်၏သဘောတူညီချက်ရရှိပြီးမှ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေတစ်ခုရှိပါကြောင်း၊

လွှတ်တော်ကိုဖြတ်သန်းသည့် ကာလမှာလည်း အချိန်ကာလတစ်ခုရှိပါကြောင်း၊ လွှတ်တော်ကအတည်ပြုလျှင် ပြည်ထောင်စုအဆင့်တွင် လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ရှိပါကြောင်း၊ သမ္မတရုံး၊ DACU ၊ စီးပွာရေး ကော်မတီ၊ အဓိကကျသည့် ဝန်ကြီးဌာန(၅)ခု၊ MIC သဘောတူညီချက်များ အဆင့်ဆင့်လုပ်ဆောင်ပြီးမှ စက်မှုဇုံကို အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ကိုယ်စားလှယ်ကြီး၏ မည်သည့်အချိန်တွင် လုပ်ငန်းစတင်နိုင်မည်ဆိုသည့် အချိန်ကို တိတိကျကျပြောရန် အခက်အခဲရှိပါကြောင်း၊ မေးခွန်း(၂)နှင့် စပ်လျဉ်း၍ စီမံကိန်းသည် နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် Covid ကြောင့် အလုပ်အကိုင် အခွင့်အလမ်းသည် အစိုးရကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်သော်လည်း အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ အကောင်အထည်ဖော်နိုင်မှာဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍

၇.၁.၂၀၂၀ ရက်နေ့တွင် တွေ့ရှိခဲ့သည့် ဒေသခံပြည်သူလူထု၏ သဘောတူညီချက် ၁၀၀ ရာခိုင်နှုန်းမရရှိသေးသည့်အတွက် ရရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားပြီး သဘောတူညီချက် ရသည်နှင့် လွှတ်တော်ကိုတင်သွင်း၍ လွှတ်တော်၏ သဘောတူညီချက် ရယူမည်ဖြစ်ပါကြောင်း’’ ပြန်လည် ဖြေကြားခဲ့ပါသည်။

ရန်ကုန်လွှတ်တော်

By Myanmar Industry Guide

Local News Read 633 times