နိုင်ငံစီးပွားရေး အခြေအနေကြောင့် စက်ရုံ၊ အလုပ်ရုံများ ပိတ်ဖို့ မဖြစ်နိုင်


14 September, 2020

ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု မြန်ဆန်များပြားလာသည့်အတွက် စက်ရုံအလုပ်ရုံများ ယာယီပိတ်ပေးရန် တင်ပြ ဆွေးနွေးခဲ့သော်လည်း လက်ရှိအခြေအနေတွင် နိုင်ငံစီးပွားရေး အခြေအနေကြောင့် မပိတ်နိုင်သေးဘဲ ဆက်လက်ဆွေးနွေး ရဦးမည် ဖြစ်ကြောင်း အလုပ်သမားရေးရာအဖွဲ့ချုပ်များထံမှ သိရသည်။

စက်တင်ဘာ ၁၁ ရက်နေ့က Zoom Meeting ဖြင့် ပြုလုပ်သော ၁၇ ကြိမ်မြောက် အမျိုးသားအဆင့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် စက်ရုံအလုပ်ရုံများ ယာယီပိတ်သိမ်းရေးနှင့် ပတ်သက်ပြီး အလုပ်သမား ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က “ရောဂါကူးစက်မှု ရာခိုင်နှုန်း မြင့်လာပြီဆိုရင် စက်ရုံ၊ အလုပ်ရုံတွေ ယာယီပိတ်ထားဖို့ ဆွေးနွေးတဲ့အခါ နိုင်ငံရဲ့ စီးပွားရေး အခြေအနေက ကြည့်နေရတဲ့အတွက် စက်ရုံ အလုပ်ရုံပိတ်ဖို့က အစိုးရအဖွဲ့ အချင်းချင်း ဆက်လက်ပြီး ဆွေးနွေးပါ့မယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောတယ်” ဟု ပြောသည်။

လက်ရှိတွင် ကူးစက်နှုန်းမြင့်မားနေမှုကြောင့် သာမက စက်ရုံအလုပ်ရုံများ အနေဖြင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာနိုင်ခြင်း မရှိသည့် လက်ရှိအခြေအနေတွင် စက်ရုံ အလုပ်ရုံများမှာ မဖြစ်မနေ ပိတ်သိမ်းသင့်သည့် အခြေအနေ ရောက်နေပြီဖြစ်ကြောင်း ကိုသက်နှင်းအောင်က ပြောသည်။

“ပိတ်သိမ်းဖို့ အခြေအနေက လွန်တောင်နေပြီ။ ဘာလို့လဲဆိုတော့ ရောဂါကူးစက်မှု ရာခိုင်နှုန်းက ၁၀ ဆမြန်လို့လည်း သုံးသပ်ကြတယ်။ တကယ်လည်း စက်ရုံ အလုပ်ရုံတွေမှာ ကူးစက်မှုတွေကို တွေ့နေရပြီ။ နောက်တဆက်တည်းမှာလည်း စက်ရုံ အလုပ်ရုံတွေအနေနဲ့ကလည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက လမ်းညွှန်ချက်တွေကို လိုက်နာနိုင်ခြင်း မရှိဘူး” ဟု ၎င်းက ပြောသည်။

လတ်တလော အခြေအနေတွင် စက်ရုံအလုပ်ရုံ အလုပ်သမား စုစုပေါင်း ၆၁ ဦးမှာ Positive လူနာဖြစ်နေပြီး Quarantine ဝင်ထားသည်မှာ ၄၀၀ ကျော်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန စာရင်းများအရ သိရသည်။

စားဝတ်နေရေး အခက်အခဲကို စိုးရိမ်သော်လည်း ရောဂါပိုးကူးစက်ပြန့်ပွားလျှင်လည်း ရပ်ရမည်ဖြစ်ရာ မတွေ့ခင် ကတည်းက ရပ်ထားခြင်းဖြင့် ပိုးကူးစက်မှုကို ရပ်တန့်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက မှတ်ချက်ပြုသည်။

“စက်ရုံက အဆောင်တွေကနေလည်း ကူးလာကြတာပေါ့။ အဲဒီအတိုင်းပဲ ဆက်ထားမယ်ဆိုရင် တဖြည်းဖြည်းနဲ့ များသွားရင် ပိုးတွေ့လူနာသာ ရှိတယ်ဆိုရင် သူ့ကိုပေးဆင်းလို့ မရတော့ဘူး ရပ်ရတော့မှာပဲလေ။ သူ့ကို မရပ်ထားရင် တခြားလူကိုကူးမှာ။ အဲဒီလိုတွေ ရပ်ရမယ့် အတူတူတော့ မဖြစ်ခင်ကတည်းက ပိုးမရှိခင် ကတည်းက ကာကွယ်မှု ဆိုတဲ့ ရှုထောင့်ကို စဉ်းစားပြီးပြောတာ” ဟု ၎င်းက ဆိုသည်။

သုံးပွင့်ဆိုင်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ၁ ဦးဖြစ်သည့် လှိုင်သာယာမြို့နယ် အထည်ချုပ်လုပ်ငန်း အလုပ်ရှင်အဖွဲ့ အစည်း ဥက္ကဋ္ဌ ဒေါက်တာခင်မောင်အေးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တရားဝင် ညွှန်ကြားလာပါက ပိတ်ပေးမည်ဖြစ်သော်လည်း အလုပ်မဖွင့်နိုင်လျှင် လစာပေးနိုင်မည် မဟုတ်ကြောင်း ပြောသည်။

၎င်းက “လုပ်ငန်းရှင်တွေဘက်တော့ ၃ လပိုင်းကနေ ၆ လပိုင်းအထိ ကာလအတွင်းမှာ ပင်ပင်ပန်းပန်း (ရပ်တည်) Survive ထားတာ။ ရပ်တည်နိုင်ဖို့အတွက်ကို နိုင်ငံတော်ကလည်း အဲဒီကတည်းက ကိုဗစ်ချေးငွေ ဘာညာဆိုတာကလည်း နောက်ထပ် ၃ လစာ ရပ်တည်နိုင်အောင်ဆိုပြီး ထုတ်ပေးတာလေ။ အခု ၃ လလည်း ကျော်ခဲ့ပြီ။ မပြီးသေးဘူး။ နောက်ထပ် ဘယ်လောက် ကြာနိုင်မလဲ မသိတဲ့ အခြေအနေမှာ လုပ်ငန်းရှင်တွေ အနေနဲ့ကတော့ No Work, No Pay ပဲ” ဟု ပြောသည်။

အဆိုပါ သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် စက်ရုံအလုပ်ရုံများ ယာယီ ပိတ်သိမ်းရေးအပြင် အနည်းဆုံး လုပ်ခလစာနဲ့ ပတ်သက် ပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ စက်ရုံ၊ အလုပ်ရုံများတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာခြင်း ရှိ မရှိ ကို ရှောင်တခင် စစ်ဆေးရန်၊ လူစုဝေးမှု မဖြစ်ရန်အတွက် ညှိနှိုင်းဖျန်ဖြေရေး လုပ်ငန်းစဉ်များကို မည်သို့မည်ပုံ လုပ်ဆောင်ကြမည် နှင့် ကိုဗစ်ကာလအတွင်း ကိုယ်ဝန်ဆောင် အလုပ်သမားများ၏ ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုဗစ်ရောဂါကြောင့် Quarantine ဝင်ရသူများ လုပ်ငန်းခွင် ပြန်လည် မဝင်ရောက်နိုင်ရန် အလုပ်ဖြုတ်ခြင်းကို လုံးဝ ခွင့်မပြုကြောင်းနှင့် Quarantine ဝင်ရသည့် အလုပ်သမားများအတွက် ကုန်ကျစရိတ်ကို အစိုးရက တာဝန်ယူပေးပြီး နေ့စဉ် တဦးလျှင် ၅၀၀၀ ကျပ်နှုန်း ထောက်ပံ့နေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

irrawaddy.com

Local News Read 717 times