ပြောင်းလဲကောက်ခံမည့် လျှပ်စစ်မီတာခ စိုးရိမ်ရန်မလို


23 January, 2019

အသစ်ပြောင်းလဲ ကောက်ခံမည့် မီတာခနှုန်းထားသည် ပြည်သူများစိုးရိမ်စရာကောင်းသည့် နှုန်းထားမျိုး မဖြစ်စေရန် တွက်ချက်နေသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာထွန်းနိုင်က ပြောသည်။
ဇန်နဝါရီ ၂၁ ရက်က ကျင်းပသည့် ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာစဉ် မီဒီယာ များ၏ မေးမြန်းမှုကို အထက်ပါ အတိုင်း ဖြေကြားခြင်း ဖြစ်သည်။ဒေါက်တာ ထွန်းနိုင်က“အရမ်းကြီး စိုးရိမ်စရာ ကောင်းလောက်အောင် တက်သွားတဲ့ ပုံစံမျိုး မဖြစ်ရလေအောင်၊ တချို့ဆို ရင် ထိခိုက်မှု လုံးဝ မရှိရလေအောင်၊ တချို့ဆိုရင်တော့ နည်းနည်းတော့ ပြောင်းသွားရမယ် ဆိုတဲ့ ဆီလျော်တဲ့ စနစ်ဖြစ် အောင် တောက်လျှောက် သုံးသပ် တွက်ချက်နေပါတယ်”ဟု ဆိုသည်။

၎င်းက ဆက်လက်၍“ခန့်မှန်း တွက်ချက်မှုတွေ အရ အမြတ် အရမ်းများသွားတယ် ဆိုတဲ့ အဖြေထွက်လာတယ် ဆိုရင် လည်း ကျနော်တို့ မကျင့်သုံးဘူး။ စက်မှု လုပ်ငန်းရှင်တွေဆီက အမြတ်တွေ အကြီးအကျယ် ရလိုတယ် ဆိုတဲ့ တွေးခေါ် ဆောင် ရွက်တာ မဟုတ်ဘူး။ တွက်တော့ တွက်ကြည့် လိုက်တယ်။ ဒါမျိုး ဆိုရင်တော့ အမြတ်အစွန်း အရမ်းများတယ် ဆိုတဲ့ အုပ်စု ကိုလည်း မစဉ်းစားဘူး”ဟု ပြောဆိုသည်။လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက တအိမ်ချင်းစီတွင် တပ်ထားသည့် မီတာများတွင် တလချင်း ယူနစ် မည်မျှ အသုံးပြုသည်ကို အချက်အလက်များ ကောက်ခံထားသဖြင့် ပြောင်းလဲ ကောက်ခံမည့် မီတာခ နှုန်းထား အသစ်ကို အနာဂတ် အခြေအနေ ထိ ကြိုတင်ပြင် ဆင်ပြီး တွက်ချက်နေရခြင်း ဖြစ်သဖြင့် ကြန့်ကြာနေခြင်းဟုလည်း ဒုဝန်ကြီးက ဆိုသည်။

အစိုးရက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အတွက် တနှစ်ကို ဘီလီယံ ကျပ် ၅၀၀ ခန့် စိုက်ထုတ် အသုံးပြုနေရကြောင်း၊ ထိုကဲ့သို့ စိုက်ထုတ် အသုံးပြုနေရသဖြင့် လိုအပ်သည့် လျှပ်စစ် ဓာတ်အားလိုင်း အသစ်များ မတည်ဆောက်နိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် လျှပ်စစ် လိုအပ်ချက်မှာ တနှစ်ထက် တနှစ် ပိုမို များပြားလာသဖြင့် စိုက်ထုတ် အသုံးပြုရသည့် ပမာဏ မြင့်တက် လာခြင်းကြောင့် မီတာခ နှုန်းထား အသစ် ပြောင်းလဲ ကောက်ခံရန် အတွက် ပြင်ဆင်ရခြင်းဟုလည်း ဆိုထားသည်။
ဒေါက်တာ ထွန်းနိုင်က“အသုံးစရိတ်၊ ဓာတ်အား ဝယ်ယူဖိုး၊ ဓာတ်ငွေ့ဖိုး၊ ထုတ်လုပ်မှု ကုန်ကျစရိတ် ၊ ဖြန့်ဖြူးမှု ကုန်ကျ စရိတ်တွေကို ဓာတ်အား ရောင်းလိုက်လို့ ပြန်ရတဲ့ ငွေ မကာမိတာကို ရှုံးတယ်လို့ ပြောတာပါ။ ဒီငွေကို ပြန်မရှာနိုင်တာ ဖြစ်ပါတယ်။ ပြန်မရှာနိုင်တော့ အရှုံးစရိတ်တွေ အားလုံးကို ဘတ်ဂျက်တောင်းပြီး ခံလိုက်ရတယ်”ဟု ရှင်းပြသည်။

အစိုးရ စိုက်ထုတ်နေရသည့် အရှုံးစရိတ်ကို လုပ်ငန်းရှင်ဆီက ပြန်လည် ကောက်ခံတာမျိုး မဖြစ်သင့်ကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။“အခု ပေးနေရတာ ၁၆၅ ကျပ်လောက် သွားကျနေတော့ ဒါတွေကတော့ များနေတာပေါ့။ ဒီမှာထပ်တိုးတယ် ဆိုရင်တော့ လုပ်ငန်းရှင်က ပေးရမှာပေါ့လေ။ အာဆီယံ နိုင်ငံတွေနဲ့ ယှဉ်တဲ့ အခါမှာ လျှပ်စစ်ဓာတ်အား သူတို့ထက် ပိုပေး နေရတယ်။ ယှဉ်ပြိုင်နိုင်စွမ်းအားတော့ လျော့သွားတာပေါ့။ အဲဒီ အတွက် စက်မှု လုပ်ငန်းဖွံ့ဖြိုးဖို့က နည်းနည်း အခက်အခဲ ပိုရှိနိုင်တာ ပေါ့”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ဓာတ်အား လိုအပ်ချက်အရ တနှစ်ကို မဂ္ဂါဝပ် ၆၀၀ ကျော် ထုတ်လုပ်နိုင်သည့် စက်ရုံ တည်ဆောက်ရန် အချိန် ရောက်နေသော်လည်း အဆိုပါ လိုအပ်ချက် တည်ဆောက်မည် ဆိုပါက တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ခန့် ကုန်ကျ မည် ဖြစ်ကြောင်း၊ ထို့သို့ တိုးထုတ်လုပ်နိုင်ခြင်း မရှိသဖြင့် ပြည်သူများ မီးပျက်မှုကို ရင်ဆိုင်နေရကြောင်းလည်း ဒု ဝန်ကြီးက ရှင်းပြသည်။လက်ရှိတွင် အိမ်သုံးအတွက် တယူနစ်လျှင် အနိမ့်ဆုံး ၃၅ ကျပ်မှ အမြင့်ဆုံး ကျပ် ၅၀ နှုန်း၊ စီးပွားရေး လုပ်ငန်း၊ စက်မှု လုပ်ငန်းသုံး အတွက် တယူနစ်လျှင် အနိမ့်ဆုံး ကျပ် ၅၀ မှ အမြင့်ဆုံး ကျပ် ၁၅၀ ထိ အလွှာအလိုက် သတ်မှတ် ကောက် ခံလျက် ရှိသည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်ရှိသည့် အနက် ၄ သန်းကျော်ကို ဓာတ်အား ဖြန့်ဖြူးပေးနေရသဖြင့် ရာခိုင်နှုန်းအရ တွက်ချက်ပါက ၃၈ ဒသမ ၅ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိနေခြင်း ဖြစ်ပြီး နှစ်စဉ် လျှပ်စစ် လိုအပ်ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိသဖြင့် လျှပ်စစ်သုံးစွဲမှုနှုန်း ခန့်မှန်းချက် (Demad Forecast) အရ ၂၀၂၀- ၂၀၂၁ ခုနှစ် တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်မည် ဖြစ်ပြီး လက်ရှိ ထုတ်လုပ်မှု အရ ၃၀၀၀ မဂ္ဂါဝပ်သာ ရှိနေဆဲ ဖြစ်သည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဧရာဝတီ

Local News Read 2859 times