အခွန်တံဆိပ်မကပ်သည့် အထူးကုန်စည်များ ရှာဖွေသိမ်းဆည်းမည်


20 September, 2017

အခွန်တံဆိပ်မကပ်သည့် အထူးကုန်စည်များ ရှာဖွေသိမ်းဆည်းမည်

ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပေးထားသည့် အထူးကုန်စည်များဖြစ်သည့် အရက်၊ ဘီယာ၊ ၀ုိင်အမျိုးမျိုးနှင့် တရားမဝင်တင်သွင်းထားသည့် ဘီယာများတွင် အခွန်ဆောင်ပြီးကြောင်း သက်သေခံ တံဆိပ်များကို ကပ်နှိပ်ထားခြင်း မရှိသည့် အထူးကုန်စည်များကို ရှာဖွေ ဖမ်းဆီး၍ သိမ်းဆည်းခြင်း၊ ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း ယင်းဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

အခွန်တံဆိပ်မကပ်သည့် ကုန်စည်များ ရောင်းဝယ်သူများကို စိစစ်တွေ့ရှိပါက ယင်းကုန်စည်များကို အထူးကုန်စည်ခွန် ဥပဒေနှင့်အညီ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းအပြင် လက်ဝယ်ထားရှိသူ(ဆိုင်ရှင်)သည် ယင်းကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းနှင့် ပြည်တွင်းတွင် ထုတ်လုပ်သည့် ပစ္စည်းဖြစ်ပါက ထုတ်လုပ်သူသည် ကုန်စည်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို ပေးဆောင်ရမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခွန်အမှတ်တံဆိပ်မကပ်ဘဲ ရောင်းချသည့် အထူးကုန်စည်များကို ရှာဖွေဖမ်းဆီးနိုင်ရန် စျေးကွက်အတွင်းသို့ သက်ဆိုင်ရာ မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် အဖွဲ့များဖြင့် ရှောင်တခင် ၀င်ရောက်ဖမ်းဆီးခြင်းများ ပြုလုပ်မည် ဖြစ်သောကြောင့် အခွန် တံဆိပ်မကပ် မရောင်းချရန် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

ယခင်ကအထူးကုန်စည်အဖြစ် အခွန်အမှတ်တံဆိပ်မကပ်ဘဲ ရောင်းချသည်ကို သတင်းပေးတိုင်ကြားသူကို ဒဏ်ကြေးကောက်ခံရရှိသည့် ပမာဏအတွင်းမှ ၂၀ ရာခိုင်နှုန်းနှင့် ဖမ်းဆီးပေးသည့်အဖွဲ့ကို ၃၀ ရာခိုင်နှုနး် ဆုကြေးပေးမည် ဖြစ်ကြောင်း ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် ဖော်ပြထားသည်။

Source:thevoice myanmar

Taxation Read 1156 times