တောင်ကိုရီးယားနိုင်ငံကို ရွဲယိုသီးဖျော်ရည် တင်ပို့နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရွဲယိုသီးဖျော်ရည်ထုတ်စက်ရုံကိုဒီနှစ်အတွင်း တည်ဆောက်ဖို့ အစီအစဉ်များ စတင် လုပ်ဆောင်နေတယ်လို့ ဒန့်သလွန်သီးနှင့် ရွဲယိုသီး ထုတ်လုပ်သူများနှင့် တင်ပို့သူများအစုအဖွဲ့မှ အလုပ်အမှုဆောင် ကိုဇော်လင်းထွန်းက ပြောပါတယ်။
အဆိုပါစက်ရုံကို လာမယ့်ဇူလိုင်လမှာ စတင်လည်ပတ်မှာ ဖြစ်ပြီး စက်ရုံမှထုတ်လုပ်တဲ့ ရွဲယိုသီးဖျော်ရည်များကိုတော့ တောင်ကိုရီးယားနိုင်ငံကို ဒီနှစ်အတွင်း တင်ပို့မယ်လို့ သိရပါတယ်။
“တောင်ကိုရီးယားကို ထုတ်ကုန်တွေ တင်ပို့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီရွဲယိုသီးဖျော်ရည်ထုတ်စက်ရုံကို တည်ဆောက်ဖို့ ကြိုးပမ်းအားထုတ်နေပါတယ်။ ရွဲယိုသီးထုတ်ကုန်တွေကို ပြည်ပကိုသာမက ပြည်တွင်းမှာလည်း ဖြန့်ဖြူးသွားမှာ ဖြစ်ပါတယ်။ စက်ရုံတည်ဆောက်တဲ့အခါမှာလည်း အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲမှု ဦးစီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့ တည်ဆောက်မှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံက အသင်းအဖွဲ့တွေကလည်း အရည်အသွေးပိုင်းကို စစ်ဆေးမှာ ဖြစ်ပြီး ဒီနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံကို တင်ပို့နိုင်မှာ ဖြစ်တယ်” လို့ ကိုဇော်လင်းထွန်းက ပြောပါတယ်။
လက်ရှိအချိန်မှာ တောင်ကိုရီးယားနိုင်ငံကို ရွဲယိုသီးဖျော်ရည်များ အဓိက တင်ပို့နေတာကတော့ ကမ္ဘောဒီးယားနိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအနေနဲ့ ဈေးကွက်မှာ ၎င်းနိုင်ငံကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့အနေနဲ့ ထုတ်ကုန်ရဲ့ အရည်အသွေးပိုင်းကို ကောင်းမွန်အောင် ကြိုးစားရမှာဖြစ်ပြီး ပြည်ပနိုင်ငံတွေက သတ်မှတ်ထားတဲ့ ဈေးနှုန်းကိုလည်း ယှဉ်ပြိုင်နိုင်ပါတယ်” လို့ ကိုဇော်လင်းထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှ ရွဲယိုသီးခြောက်များကို ထိုင်းနိုင်ငံက ဝယ်ယူပြီးနောက် အခြားနိုင်ငံများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြန်လည်တင်ပို့တာ ဖြစ်ပါတယ်။
Ref: Myawady