နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ရရှိထားသော ဘဏ်များသည် ကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေ ရောင်းဝယ်ရာတွင် မူလ မ,တည်ရင်းနှီးငွေ၏ ၂၀ ရာခိုင်နှုန်းကို ဘဏ်၌ထားရှိရမည်ဟု ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁၁ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။
ဗဟိုဘဏ် ညွှန်ကြားချက်တွင် သတ်မှတ်နိုင်ငံခြား မ,တည်ရင်းနှီးငွေ ရာခိုင်နှုန်းထက် ကျော်လွန်ပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပြီး သတ်မှတ်မ,တည် ရင်းနှီးငွေထက် ကျော်လွန်သည့်ပမာဏကို တွက်ချက်ကာ ပထမသုံးရက်တွင် ၀ ဒသမ ၅ ရာခိုင်နှုန်း၊ ဒုတိယငါးရက်တွင် ၁ ရာခိုင်နှုန်း ဗဟိုဘဏ်သို့ ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပါတယ်။
ဘဏ်များတွင် နိုင်ငံခြားသုံးငွေ လက်ကျန်ထိန်းသိမ်းရာ၌ မည်သည့်နိုင်ငံခြားငွေမဆို လိုငွေအခြေအနေ၊ ပိုငွေအခြေအနေ မဖြစ်ပေါ်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဗဟိုဘဏ်က ဆိုထားပါတယ်။ ယခု ညွှန်ကြားချက်သည် ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် စတင်အသက်ဝင်မည်ဟု ဗဟိုဘဏ်က ညွှန်ကြားချက်၌ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ၌ ဘဏ်တစ်ခုဖွင့်လှစ်ပါက မ,တည်ရင်းနှီးငွေ ကျပ် ဘီလီယံ ၂၀ ရှိရမည်ဟု ဗဟိုဘဏ်က သတ်မှတ်ထားပါတယ်။ ထို့အပြင် နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်လိုင်စင်ရရှိထားသည့် ဘဏ်အနေဖြင့် မ,တည်ငွေ ဒေါ်လာငါးသန်း ထပ်မံဖြည့်ရပါမယ်။
ဗဟိုဘဏ်ညွှန်ကြားချက်က မ,တည်ရင်းနှီးငွေ ဒေါ်လာငါးသန်း၏ ၂၀ ရာခိုင်နှုန်း (ဒေါ်လာ တစ်သန်း)ကို နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်လိုင်စင်ရသော ဘဏ်များတွင် ထားရှိရမည်ဖြစ်ပါတယ်။ နိုင်ငံခြားငွေ ရောင်းဝယ်မှုနှင့် ပတ်သက်၍ ဖြေလျှော့မှုများစွာ ပေးထားသော ဗဟိုဘဏ်အနေဖြင့် ကြပ်မတ်မှုအချို့ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးရဲမင်းဦးက ၎င်း၏အမြင်ကို ပြောပါတယ်။
7day daily