နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ ဥပဒေကို ပြင်ဆင်သင့်ကြောင်း အကြံပြု


30 July, 2018

၁၉၈၉ ခုနစ်က ရေးဆွဲခဲ့တဲ့ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေဟာ အစိုးရပိုင် လုပ်ငန်းတွေကို ထိထိရောက်ရောက် ရှင်းရှင်းလင်းလင်း ဆောင်ရွက်နိုင်ရေး အတွက်အကျိုးမပြုတာကြောင့် ဥပဒေအသစ်ရေးဆွဲဖို့ လိုအပ်ကြောင်း သုတေသီတွေ က တိုက်တွန်းလိုက်ပါတယ်။

သဘာဝ သယံဇာတ အုပ်ချုပ်မှုဆိုင်ရာ အင်စတီကျု Natural Resource Governance Institute Myanmar; NRGI Myanmar နဲ့ Renaissance Institute Myanmar တို့က ပူးပေါင်း ထုတ်ပြန်လိုက်တဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ပြုပြင်ပြောင်းလဲရေး၊ သဘာဝ သယံဇာတ တူးဖော်ထုတ်လုပ်ရေး ကဏ္ဍ ဆိုင်ရာ သုတေသန အစီရင်ခံစာမှာ ဥပဒေအသစ် ရေးဆွဲဖို့ အကြံပြုထားပါတယ်။

လက်ရှိကျင့်သုံးနေတဲ့ ဥပဒေဟာ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေကို အစိုးရ ကပဲ တဦးတည်း ဆောင်ရွက်ခွင့် အာဏာ အပ်နှင်းထားပြီး လုပ်ငန်းတာဝန်တွေကို ရှင်းရှင်းလင်းလင်း ပြဌာန်းထားတာ မရှိတဲ့အတွက် အားနည်းချက်တွေ ဖြစ်စေ တယ် လို့ သုတေသီ တွေ က သုံးသပ်ပါတယ်။

အဲဒီ သုတေသနစာတမ်းဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကို သိသာစွာ အကျိုးများနိုင်တဲ့ ရေနံ သဘာဝ ဓာတ်ငွေ့လုပ်ငန်း MOGE နဲ့ ကျောက်မျက် လုပ်ငန်းတွေကို အခြေခံ သုတေသန ပြုခဲ့တာ ဖြစ်ပြီး NRGI ရဲ့ မြန်မာနိုင်ငံ တာဝန်ခံ ဦးမော်ထွန်းအောင် က အစိုးရပိုင် လုပ်ငန်းတွေမှာ အုပ်ချုပ်စီမံမှု ထိထိရောက်ရောက်မရှိတဲ့အတွက် လုပ်ငန်းစနစ်ကို ပြင်ဖို့ဆိုရင် ဥပဒေ ကို ပြင်မှ ရမယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

မြန်မာ့ရေနံ သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှာ သီးခြားစာရင်းအဖြစ် ငွေစာရင်း ၂၀ ကျော်ရှိနေပြီး ၂၀၁၇ ဇန်နဝါရီလအထိ သီးခြား စာရင်းမှာ ကျပ် ၅၃၆၀ ဘီလီယံ ခန့် ရှိနေတယ် အစီရင်ခံစာ ထဲမှာ ဖော်ပြထားပါတယ်။

အဆိုပါ ဥပဒေ ရဲ့ အားနည်းချက် အပေါ် အခြေပြုပြီး သယံဇာတထုတ်ယူတဲ့ အစိုးရလုပ်ငန်းဌာနတွေရဲ့ ဝင်ငွေတွေဟာ နိုင်ငံတော် ဘဏ္ဍာနဲ့ သီးခြားဖြစ်နေတဲ့အတွက် ဘဏ္ဍာရေးအရ အစိုးရ နဲ့ အဲဒီဌာနတွေ က သီးခြား စင်ပြိုင်လို ဖြစ်လာ နိုင်တယ် လို့လည်း အဲဒီ အစီအရင်ခံစာက ဖော်ပြထားတာပါ။

နိုင်ငံတကာက နိုင်ငံပိုင် ရေနံထုတ်လုပ်ငန်းတွေ နဲ့ မြန်မာအစိုးရရဲ့ မြန်မာ့ရေနံ နဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ကို နှိုင်းယှဉ်ရင် ပုံမှန်နဲ့ကွဲလွဲနေတာတွေ အများကြီးတွေ့ရတယ်လို့လည်း ဆိုပါတယ်။

အဆိုပါ နိုင်ငံပိုင် လုပ်ငန်းတွေ ကို ကြီးကြပ်နိုင်ရေး အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး က ဥပဒေကြောင်းအရ စစ်ဆေးနိုင်ခွင့် အားနည်းနေတာကိုလည်း သုတေသန အစီရင်ခံစာ မှာ ထောက်ပြထားပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း ရဲ့ ကုန်ကျစရိတ်ဟာ များလွန်းနေပြီး မြန်မာနိုင်ငံထဲက နိုင်ငံခြားသားပိုင် ကမ်းလွန်ရေနံ လုပ်ငန်းတွေကတောင် မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းပိုင် လုပ်ငန်းတွေထက် အမြတ်အစွန်းပိုရနေတယ်လို့ နှိုင်းယှဉ်ပြထားပါတယ်။

နိုင်ငံပိုင်လုပ်ငန်းတွေက ဝင်ငွေများတဲ့ အဆိုပါ ရေနံ သဘာဝ ဓာတ်ငွေ့ထုတ် လုပ်ငန်း နဲ့ကျောက်မျက် လုပ်ငန်းတွေရဲ့ ဝင်ငွေထွက်ငွေ စိစစ်နိုင်ရင် အစိုးရ ဘဏ္ဍာ အသုံးစရိတ်တွေ ထွက်လာနိုင်တယ်လို့ထောက်ပြပါတယ်။

NRGI ရဲ့ နိုင်ငံတကာရှိ နိုင်ငံပိုင် ရေနံ ကုမ္ပဏီပေါင်း ၅၂ ခုကို နှိုင်းယှဉ်လေ့လာချက်အရ မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း အများပြည်သူ သိရှိမှုဆိုင်ရာ ပွင့်လင်းမြင်သာမှု ညွှန်းကိန်းမှာ အဆင့် ၃၆ နေရာ မှာသာ ရှိနေ သလို မြန်မာ့ကျောက်မျက်လုပ်ငန်းဟာလည်း နိုင်ငံတကာ က နိုင်ငံပိုင် လုပ်ငန်း ၂၂ ခု အနက် အဆင့် ၂၁ မှာပဲ ရှိနေပါတယ်။

BBC

Laws and Regulations Read 631 times