ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ညောင်နှစ်ပင်စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန်ကိုလည်း အဆင့်မြှင့်တင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးစားပေးအစီအစဉ်တွင် ပါဝင်နေခြင်းကြောင့် လေ့လာဆန်းစစ်မှုပြုလုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။ညောင်နှစ်ပင်တွင် ယခင်က အမျိုးသားညီလာခံကျင်းပခဲ့သည့် ခန်းမကိုလည်း သင်တန်းကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
"ညောင်နှစ်ပင် စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်ကို အဆင့်မြှင့်တင်ဖို့ကိစ္စအတွက် ကျွန်တော်တို့ ပြင်ဆင်ပြီးဖြစ်ပါတယ်။ မကြာခင်မှာ ကျွန်တော်တို့က ညောင်နှစ်ပင်မှာရှိတဲ့ တစ်ချိန်တုန်းက အမျိုးသားညီလာခံ ကျင်းပခဲ့တဲ့ခန်းမကို သင်တန်းကျောင်းအဖြစ် ပြောင်းလဲဖို့ ပြင်ဆင်နေပါပြီ။ အဲ့ဒီမှာ ရင်းနှီးမြှုပ်နှံမှုအဖြစ် CP ကလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါ့အပြင် အဲ့ဒီနေရာမှာပဲ ဧက ၁၀၀ ကို ပိုင်လော့ပရောဂျက် လုပ်ခဲ့ပါတယ်။ သမဝါယမနစ်နဲ့ အလွန်ကို အောင်မြင်ပါတယ်။ နိုင်ငံခြား export လုပ်တဲ့အဆင့်ထိ ရောက်နေပြီဖြစ်ပါတယ်။ ဒီကဏ္ဍတွေကို ကျွန်တော်တို့ တာဝန်ယူပြီး ကာလအတွင်းမှာ စမ်းသပ်ခဲ့ပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် နိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ ၂၃ ကြိမ်မြောက်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခြင်းဖြစ်သည်။
ညောင်နှစ်ပင်စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ မြေနေရာယူထားသည့် မြေပိုင်ရှင်များနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းဇုန်အတွင်းဆည် ရေရရှိရေးကိစ္စကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန်လည်း ယခုနှစ်ဘတ်ဂျက်အတွင်း လျာထားငွေများရှိကြောင်း သိရသည်။
"စိုက်ပျိုးရေးတွေ အရမ်းမလုပ်တာက ညောင်နှစ်ပင်ရဲ့ စိုက်ပျိုးမြေက သဲမြေတအားဆန်ပြီးတော့ ရေတအားယိုစီးတယ်။ အရင်က အန်တီတို့တွေ အဲ့မှာသရက်တွေ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးကြပေမယ့် မြေကို ဘယ်သူမှမကြိုက်ဘူး။ မြေအပေါ်ယံက ရေအရမ်းပေါက်တယ်ဆိုပြီး အဲ့မှာစိုက်ပျိုးတဲ့သူတွေက မကြိုက်ကြဘူး။ ဘယ်လို အဆင့်မြှင့်တင်မှာလဲ။ green house တွေနဲ့ နည်းပညာအသစ်တွေနဲ့ဆိုတော့ ရမှာပေါ့။ နောက်တစ်ခုက ကုန်ထုတ်လမ်းတွေ မီးတွေ စိုက်ပျိုးရေတွေ အကုန်လုံးလုပ်ပေးမယ်ဆိုရင်တော့ ဖြစ်လာနိုင်ပါတယ်။"ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါ်စန္ဒာမျိုးက ပြောသည်။ညောင်နှစ်ပင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန် အဆင့်မြှင့်တင်ခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုက်ရိုက် ကြီးကြပ်ကွပ်ကဲသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၏ စိုက်ပျိုးရေး Master Plan ကိုလည်း အတည်ပြုထားပြီးဖြစ်ကာ ရှေ့ဆက်၍ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်နိုင်ရန်အတွက် အဆင့်သင့်ရှိနေပြီး ညောင်နှစ်ပင်စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်ရန် ဦးစီးဆောင်ရွက်နေသူများကို အတည်မပြုခင် အမှန်တကယ် လုပ်ကိုင်နိုင်မည့်သူများနှင့် ဦးစီးဦးဆောင်ခြင်း ရှိ/မရှိ သေသေချာချာ လေ့လာ ဆန်းစစ်သွားမည်ဖြစ်ကြောင်း သိရသည်။
myanmarharp