OCBC က စင်ဒေါ်လာ ၃.၇ သန်း ငွေလိမ်ခံရသူ ၇၉၀ ဦးကို ငွေအပြည့် ပြန်ဖြည့်ပေးမည်
စင်ကာပူနိုင်ငံမှ ဒုတိယအကြီးဆုံးဘဏ် OCBC က ဘဏ်ဝန်ဆောင်မှု ၇၉၀ ဦး အလိမ်ခံရသဖြင့် ဆုံးရှုံးခဲ့သည့်ငွေ စုစုပေါင်း စင်ကာပူဒေါ်လာ ၁၃.၇ သန်းကို စေတနာရှေ့ထားပြီး အပြည့်အဝ ပြန်ဖြည့်ပေးမည်ဟု ထုတ်ပြန်ကြေညာပါတယ်။
ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်တွင် ထပ်မံအလိမ်ခံရခြင်းများ မဖြစ်ပွားခဲ့ကြောင်းလည်း OCBC က ပြောကြားပါတယ်။
OCBC Bank မှာ ငွေစာရင်း ရှိသူများထံ SMS ပေးပို့ပြီး ဘဏ်ဝဘ်ဆိုက်အတုသို့ မျှားခေါ်ပြီး အွန်လိုင်းမှာ ဘဏ်ငွေစာရင်းကို log-in ဝင်ခိုင်းပြီး လျှို့ဝှက်အချက်အလက်များကို လိမ်လည်သူတို့က ရယူပါတယ်။ တစ်ကြိမ်သုံး ပင်နံပါတ်လည်း ရယူပြီး ငွေစာရင်း ငွေများကို လိမ်လည်သူတို့ရဲ့ ငွေစာရင်းထံ လွှဲပြောင်းရယူခဲ့ကြတာ ဖြစ်ပါတယ်။
ဘဏ်ဝန်ဆောင်မှု သုံးစွဲသူက လျှို့ဝှက်ချက် ပေါက်ကြားသဖြင့် ငွေဆုံးရှုံးရခြင်း ဖြစ်သော်လည်း OCBC Bank က ဆုံးရှုံးခဲ့ရသည့်ငွေများကို စေတနာရှေ့ထားပြီး အပြည့်ပြန်ဖြည့်ထည့်ပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။
ငွေလိမ်ခံရသူများအနက် ၈၀% ခန့်ဟာ နှစ်ကုန် သီတင်းပတ် ဒီဇင်ဘာလ ၂၃ မှ ၃၀ အတွင်း လိမ်လည်မှု ဖြစ်ပွားခဲ့ကြပါတယ်။ ဘဏ်သို့ အကြောင်းကြားတိုင်တန်းမှုများ ယင်းရက်ပိုင်းမှာ များပြားခဲ့ပါတယ်။
ရဲဌာနသို့ တိုင်ကြားသူများအပြင် ငွေအလိမ်ခံရသည်ကို မသိသေးသောသူများထံသို့လည်း OCBC Bank က ဆက်သွယ်ခဲ့ပါတယ်။ ထိုသူများကိုလည်း ငွေပြန်ဖြည့်ပေးမယ့် အစီအစဉ်မှာ ထည့်သွင်းပေးခဲ့ပါတယ်။
အဖြစ်များတဲ့ကာလမှာ ကာကွယ်နိုင်ခဲ့သူ ဦးရေ ၂၀၀ ကျော် ရှိတယ်လို့ ဘဏ်က ပြောကြားပါတယ်။
ဘဏ်က လုံခြုံရေး မြှင့်တင်ခဲ့ပြီး ငွေလွှဲတိုင်း စာရင်းပိုင်ရှင်ထံ ချက်ချင်းအကြောင်းကြားပေးနေပါတယ်။ တစ်ပြားပဲ လွှဲလျှင်လည်း ချက်ချင်း အကြောင်းကြားပေးမှာ ဖြစ်ပါတယ်လို့ ဘဏ်က ပြောကြားပါတယ်။
e-mails နှင့် SMS တို့မှာ ကလစ်လုပ်ပြီး ဝင်ရတဲ့ link ချပေးတာကို ဖယ်ရှားလိုက်ပါတယ်။ လိမ်ညာသူတွေက လင့်အတု ချပေးပြီး ဝဘ်ဆိုက်အတုထံ မျှားခေါ်ခဲ့ကြလို့ ဖြစ်ပါတယ်။
PayNow ဝန်ဆောင်မှုဖြင့် တစ်ရက်တာ အများဆုံး လွှဲနိုင်တဲ့ ငွေပမာဏကိုလည်း စင်ဒေါ်လာ ၅,၀၀၀ မှ ၁,၀၀၀ သို့ လျှော့ချသတ်မှတ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာတော့ လိမ်လည်သူတွေက Viber ကို အသုံးများကြပါတယ်။ ငွေစာရင်းဝင်ရန် အချက်အလက်များ စစ်ဆေးဖို့ တောင်းခံပါတယ်။ အချက်အလက်အမှန်မပေးနိုင်ရင် ငွေစာရင်း ပိတ်သိမ်းမယ်လို့ လိမ်ညာခြိမ်းခြောက်ပါတယ်။ မည်သည့်အကြောင်းကြောင့်နှင့်မျှ မည်သည့် အချက်အလက်ကိုမှ မပေးမိဖို့ အရေးကြီးပါတယ်။