ယာယီပိတ်ထားရသည့် CMP လုပ်ငန်းများအောက်တိုဘာ ၈ ရက်တွင် ပြန်ဖွင့်နိုင်ရန်လုပ်ငန်းရှင်များမျှော်လင့်ထားခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ CMP လုပ်ငန်းများ ပိတ်သိမ်းထားရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန မှ ထုတ်ပြန်ထားပြီး သတ်မှတ်ကာလ ကျော်လွန်သည့် အောက်တိုဘာ ၈ ရက်တွင် ပြန်လည် လည်ပတ်ရန် လုပ်ငန်းရှင်များမျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
"ကျွန်မတို့ဆီကို စက်ရုံတွေပိတ်တာနဲ့ပတ်သက်ပြီး ဘာမှညွှန်ကြားချက်ထပ်မရှိဘူး။ကျွန်မတို့နားလည်တာ ၈ရက်နေ့မှာအလုပ်ပြန်စမယ်။အခုချိန်မှကျွန်မမျှော်လင့်တာက ၈ ရက်နေ့မှာအလုပ်ပြန်စမယ်။အလုပ်ရှင်ရောအလုပ်သမားရောက ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက် guide line အတိုင်းနေမယ်ဆို ရှစ်ရက်နေ့ကပြန်မဖွင့်နိုင်စရာအကြောင်းမရှိဘူး။ကျွန်မယုံကြည်ထားတာ"ဟုကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI တွဲဖက်အထွေထွေအတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ်ကပြောခဲ့ပါတယ်။
အစိုးရမှ ပိတ်သိမ်းရန် ညွှန်ကြားထားသည့် နှစ်ပတ်တာကာလမှာ စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာလ ၇ ရက်နေ့ထိဖြစ်ပြီး ၊ အဆိုပါ သတ်မှတ်ချက်ကို ဆက်လက်တိုးမြင့်ရန် ကောလာဟလ သတင်းများလည်းထွက်ပေါ်နေခဲ့ပါတယ်။
"ဒီကာလက အမိန့်ညွှန်ကြားချက်တစ်စုံတစ်ရာ ထုတ်မယ်ဆို ဘယ်ဝန်ကြီးဌာနကထုတ်ထုတ် သက်ဆိုင်ရာအလုပ်သမားတွေ အဆင်ပြေစေရေး ပြည်သူလူထုအဆင်ပြေစေရေးကိုဦးတည်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ကတော့ စက်ရုံတွေပိတ်မယ်ဆိုလည်း စောစောစီးစီး ကြော်ငြာချက်ထုတ် စေချင် တယ်၊ ဖွင့်မယ်ဆိုလည်း ကြော်ငြာချက်ထုတ်စေချင်တယ်။အကယ်၍ ဘာကြေညာချက်မှမထုတ်ဘူးဆိုရင်မူလသတ်မှတ်ထားတဲ့ ၁၄ ရက်ပြည့်ရင်ပြန်ဖွင့်ရမယ်ဆိုတဲ့ သဘောသက်ရောက်မှာပေါ့"ဟုစက်ရုံ၊အလုပ်ရုံများပိတ်ခြင်းနှင့်ပတ်သက်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) အထွေထွေအတွင်းရေးမှူးချုပ်ဦးသက်နှင်းအောင်ကပြောပါတယ်။
ကုန်ကြမ်တင်သွင်း၍ကုန်ချောထုတ်လုပ်တင်ပို့သော CMP လုပ်ငန်းများ ရန်ကုန်တိုင်းဒေသကြီး Stay Home အစီအမံအရ နှစ်ပတ်ယာယီပိတ်ရမည်ဖြစ်သည့်အတွက်ကုန်ချောများအချိန်မှီပေးပို့နိုင်ခြင်းရှိမည်မဟုတ်သည့်အပေါ် Buyer များမှလည်းလျော်ကြေးတောင်းနေပြီး စက်ရုံများပိတ်ထားရမှုကြာရှည်လာပါကလည်း ဈေးကွက်ပျောက်သွားနိုင်သည့်အတွက် အထည်ချုပ်လုပ်ငန်းရှင်များမှလည်းပြောကြားထားပါတယ်။
#MyanmarLabourNews