တရုတ် မြန်မာ ဘင်္ဂလားဒေ့ရှ် မဟာဓာတ်အားလိုင်း ကမ်းလှမ်းထား


25 September, 2018

“နိုင်ငံအနေဖြင့် လျှပ်စစ်စွမ်းအားကဏ္ဍမှာ ၂၀၄၁ ခုနှစ်အထိ နှစ်စဉ် ပျမ်းမျှ ကန်ဒေါ်လာ ၉ ဘီလျံ လိုအပ်နေတယ်” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လျှပ်စစ်စွမ်းအားဌာနမှ အမြဲတန်း အတွင်းဝန် Rahmat Ullah Mohd Dastagir က အလုပ်ရုံဆွေးနွေးပွဲ တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ဒါကာမြို့ရှိ တရုတ်သံရုံးမှ စီစဉ်တဲ့ “Bangladesh Power Development and Cooperation between Bangladesh and China” အလုပ်ရုံဆွေးနွေးပွဲမှာ ယခုလို သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ လာရောက်လုပ်ကိုင်ဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

တရုတ်ကုမ္ပဏီများအနေဖြင့် ဘင်္ဂလားဒေ့ရှ်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိကြပြီး လျှပ်စစ်စွမ်းအားကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အခုလို အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပကြတာ ဖြစ်ပါတယ်။

၂၀၄၁ ခုနှစ်အထိ လျှပ်စစ်စွမ်းအားကဏ္ဍမှာ ကန်ဒေါ်လာ ၂၁၆ ဘီလျံအထိ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ဖို့ အလားအလာတွေ ရှိနေကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါတယ်။

ဓာတ်အား ထုတ်လုပ်မှုအပိုင်းမှာ ကန်ဒေါ်လာ ၁၅၀ ဘီလျံ၊ ဓာတ်အားပို့ဆောင်မှု အပိုင်းမှာ ကန်ဒေါ်လာ ၃၁ ဘီလျံနဲ့ ဖြန့်ဖြူးရေးအပိုင်းမှာ ကန်ဒေါ်လာ ၃၀ ဘီလျံ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဖို့ လိုအပ်နေကြောင်း ၎င်းက ရှင်းပြခဲ့ပါတယ်။

Dastagir က ဆက်လက် ပြောကြားရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြည်တွင်းမှာ ဓာတ်အား ထုတ်လုပ်ခြင်းအပြင် ပြည်ပမှ တင်သွင်းဖို့ကိုလည်း အထူးတလည် စိတ်ဝင်တစား ရှိနေကြောင်း တရုတ်နိုင်ငံမှ ရေအားလျှပ်စစ်ကို ဝယ်ယူတင်သွင်းရန် စိတ်ဝင်စားကြောင်း၊ အိမ်နီးနားချင်း နိုင်ငံများ ဖြစ်တဲ့ အိန္ဒိယ၊ နီပေါနဲ့ ဘူတန် နိုင်ငံတွေထံမှလည်း လျှပ်စစ်ဓာတ်အား တင်သွင်းဖို့ စီစဉ်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

တရုတ်ကုမ္ပဏီတစ်ခုက တရုတ်နိုင်ငံ ကွန်မင်းမှာ ထုတ်လုပ်တဲ့ ဓာတ်အားကို မြန်မာနိုင်ငံတစ်လျှောက် ဖြတ်သန်းပြီး ဘင်္ဂလားဒေ့ရှ်သို့ သွယ်တန်းရောင်းချဖို့ ကမ်းလှမ်းထားကြောင်းလည်း Dastagir က ပြောကြားခဲ့ပါတယ်။

“ကုမ္ပဏီအနေဖြင့် အစီအစဉ်မှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံနဲ့ အရင်ကိစ္စပြီးပြတ်အောင် လုပ်စေချင်တယ်” ကမ်းလှမ်းချက်မှာ ၄၀၀၀ MW ကို ၎င်းဓာတ်အားလိုင်းမှာ ပို့လွှတ်မှာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကို ၃၀၀၀ MW ပေးပို့ပြီး ကျန်တဲ့ ၁၀၀၀ MW ကိုတော့ မြန်မာနိုင်ငံကို ပေးပို့မှာ ဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျှင် ကော်ပိုရိတ်အခွန် ၁၀ နှစ် သက်သာခွင့် ပေးမှာဖြစ်ကြောင်းလည်း ၎င်းက ပြောပြခဲ့ပါတယ်။

ပြန်ပြည့်မြဲ စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူဖို့ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံမှ ကုမ္ပဏီများရဲ့ ရင်းနှီးမြှုပ်နှံမှုများဖြင့် နေစွမ်းအင်၊ လေစွမ်းအင်နဲ့ အခြားနည်းလမ်းများဖြင့် ၁၄ ၀၀၀ MW အထိ ထုတ်လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်။

 

Investment/Divestment Read 738 times