ငွေစုငွေချေး လုပ်ငန်းတွေ ၊အဖွဲ့အစည်းတွေကနေ ငွေချေးတဲ့အခါ အလိမ်မခံရအောင် မချေးခင်ကတည်းက အဲ့ဒီအဖွဲ့အစည်းတွေရဲ့ အကြောင်း၊ တရားဝင် မဝင်၊ လိုင်စင်ရထားတာ ဟုတ်မဟုတ် စတဲ့အချက်တွေကို အရင်စုံစမ်းဖို့ လိုအပ်ပါတယ်။
ငွေချေးတော့မယ်ဆိုရင် https://www.myanmarmfa.com/en/membership-list? မှာ ဝင်ရောက်ကြည့်ရှုပြီး MMFA လက်အောက်မှာ မှတ်ပုံတင်ထားတဲ့ ငွေချေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေ ဟုတ်မဟုတ်ကို စစ်ဆေးနိုင်ပါတယ်။
မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်း Myanmar Microfinance Association (MMFA) ရဲ့ လက်အောက်မှာ မှတ်ပုံတင်ထားတဲ့ ငွေချေးလုပ်ငန်း အဖွဲ့အစည်းပေါင်း ( ၁၀၇ ) ခုရှိပါတယ်။
အဆိုပါမှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေထဲမှာ AEON Microfinance ၊ Alliance Microfinance ၊ BG Microfinance ၊ BMF Microfinance ၊ Hayman Capital Company Limited စတဲ့ မြန်မာနိုင်ငံက ငွေချေးအဖွဲ့အစည်းတွေသာမကဘဲ ထိုင်း၊ ကိုရီးယား၊ စင်ကာပူ အစရှိတဲ့ နိုင်ငံများစွာက ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများလည်း ပါဝင်တာကို တွေ့ရပါတယ်။
တချို့ငွေချေးလုပ်ငန်းနဲ့ အဖွဲ့အစည်းတွေက လက်ရှိမှာ MMFA အဖွဲ့ဝင် မဟုတ်ပေမဲ့ MFI လိုင်စင်ရထားပါတယ်။ ဒီလိုအဖွဲ့ဝင်မဟုတ်ပေမယ့် လိုင်စင်ကိုင်ဆောင်ထားရင်လည်း တရားဝင်အဖွဲ့အစည်းလို့သတ်မှတ်လို့ရပါတယ်။
ငွေချေးယူသူများအနေနဲ့ တရားဝင်လုပ်ကိုင်နေတဲ့ အသေးစားချေးငွေလုပ်ငန်းတွေရဲ့ ဖုန်းနံပါတ်တွေ၊ လိပ်စာတွေကို သိချင်ရင် ပိုက်ပိုက် ( Pite Pite ) ဆိုတဲ့ ချက်ဘော့ကို သုံးပြီးတော့ ရှာကြည့်လို့ရပါတယ်။
ပိုက်ပိုက် ဆိုတာကတော့ ငွေကြေးဆိုင်ရာ ဗဟုသုတတွေကို မျှဝေပြီး ပတ်ဝန်းကျင်မှာရှိတဲ့ နီးစပ်ရာ ငွေကြေးအဖွဲ့အစည်းတွေကို အလွယ်တကူ ရှာဖွေပြီး ဆက်သွယ်လို့ရအောင် ကူညီပေးနေတဲ့ ဘဏ္ဍာရေးဆိုင်ရာ ချက်ဘော့ ဖြစ်ပါတယ်။
MMFA, Pite Pite