ဇူလိုင်လကုန်အထိ ရေနံထုတ်လုပ်မှုလျှော့ချရေး တိုးမြှင့်ဆောင်ရွက်မည်


07 June, 2020

ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (အိုပက်)၊ ရုရှားနှင့် အခြားသောမဟာမိတ်ပြုထားသည့် ရေနံ ထုတ်လုပ်သည့်နိုင်ငံများသည် ၎င်းတို့၏ ရေနံထုတ်လုပ်မှုအား ကမ္ဘာလုံးဆိုင်ရာ ရောင်းလို အား၏ ၁၀ ရာခိုင်နှုန်းနီးပါးအထိ လျှော့ချရေးဆောင်ရွက်ချက်ကို ဇူလိုင်လကုန်အထိ တိုးမြှင့် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှုကြောင့် ရေနံဝယ်လိုအား ကျဆင်းနေချိန်တွင် မေလမှ ဇွန်လအထိ တစ်ရက်လျှင် ရေနံစည် ၉ ဒသမ ၇ သန်း ထုတ်လုပ်ခြင်းဖြင့် ရေနံစိမ်း ထုတ်လုပ်မှုကို လျှော့ချရန် အိုပက်၊ ရုရှားနှင့် အခြားသောမဟာမိတ်ပြုထားသည့် ရေနံထုတ်လုပ် သည့် နိုင်ငံများက သဘောတူညီခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ယနေ့တွင် ပြုလုပ်သည့် ဗီဒီယိုကွန်ဖရင့်တွင် ရေနံထုတ်လုပ်မှု လျှော့ချရေးကို နောက်ထပ်တစ်လ တိုးမြှင့်ဆောင်ရွက်ရန် စွမ်းအင်ဝန်ကြီးများက သဘောတူညီခဲ့ကြသည်။ ရေနံထုတ်လုပ်သည့် နိုင်ငံများကမူ ရောင်းလိုအားကို လျှော့ချခြင်းဖြင့် ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေရေး မျှော်လင့်လျက်ရှိသည်။ သို့ရာတွင် နိုင်ငံတချို့ ကမူ ကန့်သတ်ထားသည့် ပမာဏ ထက် ကျော်လွန်ကာ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ တဖြည်းဖြည်း ပြန်လည်စတင်နေပြီဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြန်လည်ဖြစ်ပွားလာမည့်စိုးရိမ်မှုများမှာ ဆက်လက်ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ရေနံထုတ်လုပ်မှုလျှော့ချရေးကို ရေနံဝယ်လိုအား ပြန်လည်မြင့်တက်လာချိန် အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

The Mirror Daily

Global News Read 429 times