ချက်ဆီ


25 September, 2018

စစ်ကိုင်းတိုင်းဒေသကြီး၏ စီးပွားရေးမြို့တော် မုံရွာမြို့သို့ ၂၀၁၆ ခုနှစ် ၏ နှစ်ဆန်း ပိုင်းအတွင်း ခရီးရောက်ဖြစ်ခဲ့ပါသည်။
မုံရွာသို့ ရောက်နေစဉ် ယွန်းထည်လုပ်ငန်းများ ဖြင့် နာမည်ကျော်သော ကျောက္ကာကျေးရွာကို ခရီးစဉ်ထဲမှ ခရီးအပိုင်း တစ်ခုအဖြစ် ခြေဆန့်ဖြစ်ပါသည်။

ကျောက္ကာကျေးရွာ
***********
ကျောက္ကာကျေးရွာမှာ တောင်ရွာနှင့် မြောက်ရွာဟူ၍ နှစ်ပိုင်းခွဲထားသည်။ ရွှေဂူနီဘုရားကြီး၏ တောင်ဘက်မှရွာကို ကျောက္ကာတောင်ရွာဟု ခေါ်ပြီး မြောက်ဘက်မှရွာကို ကျောက္ကာမြောက်ရွာဟု အမည်ပေးထားသည်။ မြန်မာသံ အဆိုရှင် သန်းထွန်းလေးသည် ကျောက္ကာတောင်ရွာသားဖြစ်သည်။ တောင်ရွာနှင့် မြောက်ရွာ နှစ်ရွာပေါင်းပြီး ယွန်းထည် လုပ်ငန်းကို လုပ်ကိုင်ကြသည်။ တောင်ရွာဘက် ခြမ်းမှ ယွန်းထည်အကြမ်းကို လုပ်ကိုင်ပြီး ယင်းယွန်းထည်အကြမ်းကို မြောက်ရွာမှ အချောထည်အဖြစ်သို့ ပြုလုပ်ပေးသည်။ ကျောက္ကာကျေးရွာတွင် ယွန်းထည်လုပ်ငန်း အပြင် တွင်းထွက်ရေနံစိမ်းကို ဓာတ်ဆီနှင့် ဒီဇယ်အဖြစ်သို့ ချက်လုပ်သည့် လုပ်ငန်း တစ်ခု လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ခေတ်မီသည့် နည်းစနစ်များဖြင့် မဟုတ်ဘဲ ရိုးရာနည်းလမ်းများသုံးပြီး ဆောင်ရွက်နေခြင်းဖြစ်သည်။ ကျောက္ကာရွာသို့ ရောက်ခိုက် ချက်ဆီပြုလုပ်ခြင်းနှင့် ရောင်းချဖြန့်ဖြူးခြင်းများကို လေ့လာဖြစ်ခဲ့ပါသည်။

ရေနံ ကုန်ကြမ်း
*********
ရေနံစိမ်း ကုန်ကြမ်းများကို အသုံးပြုကာ ဒီဇယ်နှင့် ဓာတ်ဆီတို့ကို ထုတ်လုပ်ရခြင်းဖြစ်ပေရာ လိုအပ်သောအခြေခံကုန်ကြမ်းဖြစ်သည့် ရေနံကို မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း ရေနံမှော်များမှ ဝယ်ယူရရှိခြင်းဖြစ်သည်။ မင်းလှမြို့နယ်မှ ဒဟတ်ပင်ကျေးရွာနှင့် အနီးအနားရွာများတွင် ရေနံတွင်းတူးသည့် လုပ်ငန်းများစွာရှိသည်။ ယင်းလုပ်ငန်းများထံမှ ကုန်သည်များကတစ်ဆင့် ပြန်လည်ဝယ်ယူသိုလှောင်ပြီး ရေနံစိမ်းချက်လုပ်သည့်ဒေသများသို့ ပို့ဆောင်ရောင်းချကြသည်။ ရောင်းချ ရာတွင် အရောက်ပို့စနစ်ဖြင့် ဆီတင်ကားကြီးများကို အသုံးပြုပို့ဆောင်ကြသည်။ ရေနံတူးသည့် လုပ်ငန်းများရှိရာနေရာကို 'မှော်' ဟု ခေါ် ကြသည်။ ရေနံကို အကြဲနှင့်အပျစ်ဟူ၍ နှစ်မျိုးခွဲထားသည်။ အကြဲက ဈေးပိုပေးရသည်။ အကြဲကို ဆီပြန်ချက်သည့်အခါ အပျစ်ထက် ဆီထွက် ပိုရသောကြောင့် ဈေးပိုပေးရခြင်းဖြစ်သည်။

ဆီဈေးနှုန်း
*********
ရေနံမှော်အတွင်း ဆီဈေးနှုန်းမှာ ဆီအကြဲ တစ်ပီပါလျှင် ၆၃,၀၀၀ ကျပ်ဖြစ်ပြီး အပျစ်တစ်ပီပါလျှင် ၆၀,၀၀၀ ကျပ် ဖြစ်သည်။ မုံရွာသို့ ဆီတင်ပို့ခအဖြစ် မှော်ထဲမှ မုံရွာ ကျောက္ကာရွာအရောက် တစ်ပီပါလျှင် ၁၀,၀၀၀ ကျပ်ပေးရသည်။ ဆီကုန်ကြမ်းဖိုး၊ အလုပ်သမားခ၊ သယ်ယူပို့ဆောင်စရိတ်၊ အမြတ်တို့ကို တွက်ချက်ပြီး ရောင်းဈေးသတ်မှတ်ကာ ပြန်လည်ရောင်းချခြင်း ဖြစ်သည်။

တင်ပို့
***
ဆီကုန်ကြမ်းများကို တင်ပို့သည်အခါ ဆီဘောက်ဆာများဖြင့်သော်လည်းကောင်း၊ ၁၂ ဘီးတွဲကားများဖြင့်သော် လည်းကောင်း သယ်ယူပို့ဆောင်ခြင်းဖြစ်သည်။ ၁၂ ဘီးတွဲကားတစ်စီးတွင် ဆီအပျစ် ပီပါ ၉၂ လုံး တင်ဆောင်နိုင်သည်။ ဆီအပျစ်နှင့် အကြဲတို့သည် အလေးချိန် ကွာခြားမှုရှိသည်။ ဆီအကြဲဆိုလျှင် အလေးချိန်လျော့သည့်အတွက် ၁၂ ဘီးကား တစ်စီးတွင် ဆီပေပါ အလုံးရေ ၁၂၀ ခန့် တင် ဆောင်နိုင်သည်ဟု သိရသည်။

မကွေးမှ ကျောက္ကာရွာသို့ ရောက်ရှိလာသော ရေနံစိမ်းများကို ဆီချောအဖြစ်သို့ မချက်လုပ်မီ လှောင်ကန်များအတွင်းသို့ ထည့်သွင်း ထားကြရသည်။ လှောင်ကန်တွင် မြေပြင်လှောင်ကန်နှင့် အရန်လှောင်ကန်ဟူ၍ နှစ်မျိုးခွဲထားသည်။ မြေပြင်လှောင်ကန်မှာ အဓိက ရေနံစိမ်း လှောင်ကန်ဖြစ်ပြီး ဆီပီပါအလုံး ၂၀၀ ကျော် ထည့်သွင်းထားနိုင်သည်။ ထိုလှောင်ကန်တွင် ပြည့်ပြီဆိုလျှင် အရန်ကန်များ၌ ထည့်ထားကြရသည်။ အရန်ကန်များကို နေရာအနေအထားနှင့် လုပ်ငန်းအနေအထားပေါ်မူတည်ပြီး သုံးလုံးမှ ငါးလုံးအထိ ထားရှိကြသည်။ ထုထည်အားဖြင့် အရန်လှောင်ကန် တစ်ကန်လျှင် ဆီပေပါအလုံး ၅၀ ခန့် ဆံ့သည်ဟု သိရသည်။

ရေနံချက်လုပ်ပုံ အဆင့်ဆင့်
*****************
ရေနံစိမ်း လှောင်ထားသော လှောင်ကန်အတွင်းမှ ချက်လုပ်ရန် ပြုလုပ်ထားသည် ပေါင်းဖိုအတွင်းသို့ ပိုက်လိုင်းဖြင့် ပို့ဆောင်ရ သည်။ ယခင်က ပုံးဖြင့် ခပ်ယူပြီး ဖိုအတွင်းသို့ လောင်းထည့်သည့် အလေ့အကျင့် ရှိခဲ့ရာမှာ လူပင်ပန်းကာ အချိန်ကုန်သောကြောင့် ယခု အခါတွင် ရေမောင်းတင် သကဲ့သို့ ပိုက်လိုင်း သွယ်တန်းကာ စက်ပန့်ဖြင့် ပို့ဆောင်သည်။ ပေါင်းဖိုထဲသို့ ရေနံစိမ်း ထည့်ထားပြီးသည်နှင့် ထင်းမီးဖြင့် အပူပေးကာ အငွေ့ပျံစေသည်။ ပေါင်းအိုးဖြင့် အရက်ချက်ကြသည်နှင့် ဆင်ဆင် တူသည်။ အလုံပိတ်ထားသော ပေါင်းဖိုအတွင်းမှ ထွက်လာသည့် ဆီငွေ့များကို ပိုက်လိုင်းငယ်များဖြင့် ရယူကာ ရေကန်ငယ်အတွင်းမှာ ပိုက်လိုင်းငယ်တစ်လျှောက် ဖြတ်သန်းသွားစေသည်။ အငွေ့ကို အပူချိန်ကျဆင်းအောင် ရေကန်ငယ်အတွင်းမှ ရေထုက ပြုပေးခြင်းဖြင့် အရည်အဖြစ်သို့ ပြောင်းလဲသွားစေရန် ရေကန်အတွင်းရှိ ပိုက်လိုင်းကို ဖြတ်သန်းစေခြင်း ဖြစ် သည်။

အငွေ့ပိုက်လိုင်းငယ်များသည် ရေကန်ကို ဖြတ်ပြီးသည်နှင့် အလုံပိတ် ဘွိုင်လာအိုး အတွင်းတွင် အဆုံးသတ် သွားသည်။ဘွိုင်လာအိုးအတွင်း၌ အရည်အဖြစ်သို့ ပြောင်းလဲသွားသည့် ငွေ့ရည်များသည် ပိုက်လိုင်းမှ ထွက်ကျလာသည်။ ဒီဇယ်နှင့် ဓာတ်ဆီကို ခွဲခြားပြီး ချက်လုပ်ရခြင်း မဟုတ်ဘဲ ပေါင်းဖိုတစ်ခုတည်းမှသာ ထွက်ရှိလာသည့် အရည်အသွေးကို လိုက်ပြီး ခွဲခြားရခြင်းဖြစ်သည်။ ဘွိုင်လာမှ အရင်ဆုံး ကျလာသည့်ဆီမှာ ဓာတ်ဆီဖြစ်သည်။ ထိုနောက်ပိုင်းတွင် ဆက်လက်ကျဆင်း လာသည်တို့မှာ ဒီဇယ်ဆီ ဖြစ်သည်။

ရေနံစိမ်း အရည်အသွေးညံ့လျှင် ဒီဇယ်အရနည်းသည်။ ရေနံစိမ်း အရည်အသွေး ကောင်းလျှင် ဒီဇယ်အရများသည်ဟု သိရ သည်။ ညံ့သော ရေနံစိမ်းဖြင့် ပီပါ ၁၀၀ ကို ချက်လျှင် ဒီဇယ် ပီပါ ၅၀ နှင့် ဓာတ်ဆီ ၃၀ ပီပါ ထွက်လေ့ရှိပြီး အရည်အသွေး ကောင်းသော ရေနံစိမ်း ပီပါ ၁၀၀ ကို ချက်လျှင် ဒီဇယ်ပီပါ ၇၀ နှင့် ဓာတ်ဆီ ၂၈ ပီပါ အထိထွက်တတ်သည်။ ထိုသို့ ထွက်လာသည့် စက်သုံးဆီများကို ပီပါ များဖြင့် ထည့်သွင်းပြီး ပြန်လည်ရောင်းချကြခြင်း ဖြစ်သည်။ ပီပါအတွင်းသို့ ထည့်သွင်းရသည့် အဆင့်သည် ဆီကြမ်းမှ ဆီချောအဖြစ်သို့ ရောက်ရှိအောင်ချက်လုပ်သည့် နောက်ဆုံး အဆင့် ဖြစ်သည်။

ပြန်လည်ရောင်းချသည့်ဈေး
*****************
ပြန်ရောင်းချသည့်ဈေးမှာ ဆီတစ်ပီပါလျှင် မူလမှော်အတွင်းမှ လာရောက်ရောင်းချပေးသည့် ဈေးထက် ၂၀,၀၀၀ ကျပ်ခန့် ပိုလေ့ရှိသည်။ ပြင်ပတွင် ရှိနေသည့် တင်သွင်းဆီ (ပန့်ဆီ) များ၏ ဈေးနှုန်းအပေါ်လိုက်၍ ချက်ဆီ ဈေးနှုန်းကို အတက်အကျ ချိန်ညှိသတ်မှတ်၍ ရောင်းချရခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ပန့်ဆီဈေးတက်နေလျှင် ချက်ဆီဈေးနှုန်းလိုက်တက်နိုင်သလို ပန့်ဆီ ဈေးကျနေလျှင် ချက်ဆီမှာ အမြတ်အနည်းငယ်သာကျန်သည်အထိ ဈေးလျှော့ရောင်းရတော့သည်။ ချက်ဆီသည် ပန့်ဆီ ထက် ဈေးနှုန်းပိုချိုသာရမည်ဖြစ်ပြီး ဈေးနှုန်းများအကြား ကွာဟမှုကြီးမှသာ ဝယ်သူတို့က ချက်ဆီကို လိုလိုလားလား ဝယ်ယူကြမည်ဖြစ်သည်။

ဖြန့်ဖြူးမှု လမ်းကြောင်း
**************
လောင်စာဆီအဖြစ်သို့ ရောက်ရှိသည် ဆိုသော်လည်း အရည်အသွေးမှာ နိုင်ငံတကာမှ ဝင်ရောက်လာသော ဆီများကဲ့သို့ အရည်အသွေးစံ ပြည့်မီခြင်းမရှိပေ။ အရည်အသွေး မည်မျှရှိသည်ကို တိုင်းထွာနိုင်သော ခေတ်မီစက်ကိရိယာ မရှိခြင်းကြောင့် တိကျရေရာသော အရည်အသွေးကို ထုတ်ပြန်ပေးနိုင်ခြင်းမရှိဟု သိရသည်။ သို့သော်လည်း ဒေသအနေအထားနှင့် ဈေးကွက်အနေအထားအရ အခြားလောင်စာဆီများနှင့်တန်းတူ အသုံးပြုနိုင်ပြီး ရောင်းချနိုင်ရန် ဈေးကွက် ရှိနေပေသည်။ ဈေးကွက် တည်ရှိနေရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ စီးပွားရေးသမားအချို့က ချက်ဆီနှင့် တင်သွင်းဆီများကို ရောနှောရောင်းချလာကြခြင်းကြောင့် ဖြစ်သည်။ ချက်ဆီကို ချင်းတွင်းမြစ်ရိုး အထက်ပိုင်းတစ်လျှောက် ရွှေမှော် အများစုတည်ရှိနေသည့်ဒေသများ၊ ချင်းတွင်းမြစ်အတွင်း သွားလာနေသေ စက်လှေများမှ အဓိကအသုံးပြုသည်ဟု သိရသည်။

နိုင်ငံခြားမှ သန့်စင်ပြီးသားဆီ ဝင်ရောက်လာခြင်း မရှိသေးသောကာလများတုန်းက ချက်ဆီသည် ဈေးကွက်ဝေစုကို ခိုင်ခိုင်မာမာရယူထားနိုင်ခဲ့သည်။ မြန်မာတစ်ပြည်လုံးနီးပါး ချက်ဆီကို သုံးခဲ့ကြရ သည်။ သို့သော်လည်း ပွင့်လင်းလာသော ဈေးကွက်စီးပွားရေးနှင့်အတူ ပြည်ပမှ သန့်စင် ပြီးသာ စက်သုံးဆီများ ပြည်တွင်းသို့ တရားဝင် တင်သွင်းဖြန့်ဖြူးရောင်းချခွင့် ရလာသည့်အခါ ချက်ဆီသည် ဈေးကွက်ဝေစု နည်းသည်ထက် နည်းလာခဲ့သည်။ ယခုအခါတွင် ချက်ဆီကို အများဆုံး အသုံးပြုနေသည့် နေရာဟူ၍ ချင်း တွင်းမြစ်ရိုး အထက်ပိုင်းဒေသ တစ်ခုသာ ကျန် တော့သည်ဟု ဆိုရပေမည်။

ချက်ဆီ ရောင်းအား ရှိနေစေသည့် အားသာချက် တစ်ခုမှာ မြစ်ရိုးတစ်လျှောက် သွားလာခုတ်မောင်းလျက် ရှိသော ရေကြောင်း သွားလာသည့် သင်္ဘောအင်ဂျင်အချို့သည် ချက်ဆီဖြစ်သော ဒီဇယ်ဆီနှင့် ရောစပ်၍ သုံးစွဲ ကြခြင်းဖြင့် ဆီဖိုးကုန်ကျစရိတ် လျှော့ချကြခြင်း ဖြစ်သည်။

ရေနံချက်လုပ်ငန်းများ၏ အနာဂတ်
*********************
လက်ရှိတွင် ပွင့်လင်းလာသည့် စီးပွားရေးဈေးကွက်နှင့်အတူ ဒီဇယ်ဈေးသည်လည်း မထင်မှတ်လောက်အောင် ကျဆင်းလျက် ရှိနေသည်။ ဒီဇယ်တစ်ပေပါ လက်ကားဈေး ၁၁၀,၀၀၀ ကျပ် အောက်၌သာ ရှိတော့သည်။ ချက်ဆီတစ်ပေပါ ၈၀,၀၀၀ ကျပ် အထက်ရှိနေသည်။ ထို့အတွက် အရည်အသွေး မမီသည့် ချက်ဆီ ကို အသုံးပြုခဲ့ကြသူများက ပန့်ဆီကို ပြောင်းလဲအသုံးပြုလာနေ ကြသည်။ ချက်ဆီကို သုံးမှသာ အဆင်ပြေမည့် ချင်းတွင်းမြစ် အတွင်းမှ စက်လှေ၊ မော်တော်အချို့နှင့် ရွှေတူးဖော်ရေး မှော်များက သာ ဆက်လက်အသုံးပြု ဖြစ်နေသည်။ တဖြည်းဖြည်းနှင့် ချက်ဆီ လုပ်ငန်းအချို့ လုပ်အားခ အရှုံးပေါ်ခြင်း၊ အရင်းထဲမှ စိုက်ထုတ် ရသည်အထိ လုပ်ငန်းဆုံးရှုံးမှု များလာခြင်း ကြုံလာရသည်။ ကျောက္ကာရွာတွင် ယခင်က လုပ်ငန်းလုပ်ကိုင်သူ ၁၀၀ ကျော်ရှိခဲ့ရာ ယခုအချိန်တွင် ၂၅ ဦးခန့်သာ ရှိတော့သည်။ ရေနံစိမ်း ကုန်ကြမ်း ထုတ်သည့် မကွေးတိုင်းအတွင်း ရေနံမှော်များတွင်လည်း ရေနံ တူးသူ နည်းလာခဲ့သည်ဟု သိရသည်။ ရေနံစိမ်း ဈေးကောင်း မရ ခြင်းကြောင့် လုပ်ငန်းပြောင်းသွားကြခြင်း ဖြစ်သည်။ ရေနံစိမ်းမှ ဒီဇယ်ဆီ၊ ဓာတ်ဆီ ချက်လုပ်သည့် လုပ်ငန်းများသည် ပြင်ပမှ ပန့်ဆီ ဈေးနှုန်းကျလာခြင်းနှင့်အတူ အခြေပျက်သည်ထက် ပျက် လာကြသည်။ ပန့်ဆီဈေးယခင်ကဲ့သို့ အမြင့်တွင် ရှိနေပါမှ အခြေ အနေကောင်းမည့် အနေအထားတွင် ရှိနေသည် သုံးသပ်ပါသည်။

လှမင်းနိုင်

Local News Read 6999 times