ဆီထွက်သီးနှံစိုက်တောင်သူများကို မြေပဲမျိုးနဲ့ နည်းပညာအကူအညီပေးမည်


08 March, 2019

ဆီထွက်သီးနှံစိုက်တောင်သူတွေအနေနဲ့ ဆီထွက်သီးနှံ ဖူလုံဖို့ မြေပဲမျိုးနဲ့ စိုက်ပျိုးနည်းပညာတွေ လိုအပ်ပါက မြန်မာနိုင်ငံက ဆီစက်ပိုင်ရှင်များအသင်းက တောင်သူတွေနဲ့ညှိနှိုင်းပြီး အကူအညီပေးသွားမယ်လို့ စစ်ကိုင်းတိုင်း ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက မတ်လ ၆ ရက်နေ့က  တောင်သူတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။


"ဆီထွက်သီးနှံဖူလုံဖို့ တောင်သူတွေကို နည်းပညာအကူအညီတွေ နောက်ပြီး စက်ယန္တရားအကူအညီတွေ ပေးနိုင်အောင် တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိတယ်။ ကျွန်တော်တို့အသင်းနဲ့ ဆက်သွယ်ပါ။ တောင်သူတွေအတွက် မျိုးစေ့နဲ့ နည်းပညာပံ့ပိုးဖို့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ မြို့တိုင်းလိုလိုမှာ ဆီစက်ပိုင်ရှင် အသင်းဝင်တွေ ရှိပါတယ်။ သူတို့က တဆင့်ဆက်သွယ်ပါ ” လို့ပြောတာပါ။

 

 ပြည်တွင်းမှာ ဆီထွက်သီးနှံမြေပဲ စိုက်တာနည်းတာ၊ အထွက်နှုန်းနည်းတာကြောင့် ဆီထွက်သီးနှံဖူလုံမှု မရှိဖြစ်နေပါတယ်။ ဒ့ါပြင် ပြည်ပဆီဝင်ရောက်မှု များနေကာ ဆီစက်များလည်ပတ်မှု အားနည်းနေပြီး စစ်ကိုင်းတိုင်းအတွင်း ၁၀ ရာခိုင်းနှုန်းခန့် ဆီစက်တွေသာ လည်ပတ်နေရတယ်လို့လဲ သိရပါတယ်။

"စစ်ကိုင်းတိုင်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ဆီစက်ပေါင်းက ၁၂၀၀ လောက်ရှိတယ်။ ဒါပေမယ့် အမှန်အကန် လည်ပတ်နိုင်တာက ၁၀၀ ကျော်လောက်ပဲ ရှိတယ်။ ၁၀ ရာခိုင်နှုန်းလောက်ပေါ့။ ဒါတွေကလည်း ပြည်ပသွင်းဆီများလာတဲ့အပြင် စားသုံးသူတွေ အသိနည်းတာရယ် ဆီထွက်သီးနှံ ကုန်ကြမ်းရှားပါးတာရယ်ကြောင့် ဖြစ်တယ်" လို့လည်း ဦးထွန်းထွန်းဦးက ဆိုပါတယ်။

 

ကလေးမြို့တောင်သူတွေအနေနဲ့ မြေပဲမျိုးနဲ့ နည်းပညာလိုအပ်ပါက မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဝင် ကိုကျော်မျိုးထွန်း ရွှေဗဟိုရ်ဆီစက် ဖုန်း ၀၉ ၄၀၀၃၀၉၆၇၆နဲ့ ၀၉၄၀၀၅၃၃၅၆၀ ကို ဆက်သွယ်နိုင်တယ်လို့လဲ သိရပါတယ်။


လက်ရှိမြန်မာ့မြေပဲဟာ စိုက်ပျိုးနည်းပညာလိုအပ်မှုကြောင့် တစ်ဧကကို တင်း ၃၀ လောက်သာ ထွက်ပေမယ့် အသင်းကကူညီမယ့် မျိုးမြေပဲကတော့ တစ်ဧက တင်း ၈၀ ကနေ ရာချီထွက်နိုင်တဲ့ မျိုးမြေပဲ ဖြစ်တယ်လို့ သိရပါတယ်။

 

ပြည်ပက မှာယူရတဲ့အတွက် တစ်ကြိမ်ကို တင်းတစ်ထောင်နှုန်းသာ လေကြောင်းနဲ့ သယ်ယူရတာဖြစ်လို့ စိုက်ပျိုးချိန်နဲ့ အနီးကပ်ချိန် ကူညီပေးဖို့တော့ ခက်ခဲမှာ ဖြစ်တယ်လို့လဲ ကိုကျော်မျိုးထွန်းက ဆိုပါတယ်။

 

" ကလေးမြို့အနေနဲ့ မြို့ပေါ်လူဦးရေ တစ်သိန်း နှစ်သောင်းကျော်အတွက် တဦးလျင် တစ်ရက် တစ်ကျပ်ခွဲသားနှုန်း၊ တစ်နှစ် ဆီလိုအပ်မှု ပိဿာချိန် ၆ သိန်းကျော် ထုတ်လုပ်နိုင်ဖို့ လိုအပ်နေပြီး အဲ့ဒီ ထုတ်လုပ်မှု လိုအပ်ချက်မှာ ရွေ့လျား လုပ်သားများ၊ သာသနာဝင်များရဲ့ လိုအပ်ချက် မပါဝင်ဘူး " လို့လဲ မြို့နယ်စီမံကိန်းဦးစီးဌာန ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနွယ်က ဆိုပါတယ်။

 

Popular News Journal

Myanmar Industry Directory

Food Industry Local News Agriculture & Livestock Read 566 times