သစ်ကြိမ်ဝါး နမူနာပစ္စည်း တင်ပို့မှု ဖြေလျော့


13 August, 2018

သစ်နှင့် ပြုလုပ်ထားသော ပန်းပုပစ္စည်းများနှင့် ကြိမ်၊ ဝါးလက်မှု အချောထည် နမူနာပစ္စည်းများကို ပြည်ပတင်ပို့ရာတွင် ခွင့်ပြုချက်ဖြေလျှော့ပေးလိုက်ကြောင်း သစ်နှင့် သစ်တောထွက်ပစ္စည်း ထုတ်လုပ်သူများက ပြောသည်။

သစ်သားပန်းပုနှင့် ကြိမ်၊ ဝါးတို့ဖြင့် ပြုလုပ်ထားသော လက်မှု အချောထည်ပစ္စည်းများကို စီးပွားဖြစ် မဟုတ်ဘဲ နိုင်ငံခြားသားများမှ အမှတ်တရအဖြစ် ဝယ်ယူ၍ ပြည်ပသို့သယ်ဆောင်ရာတွင် သစ်တော ဦးစီးဌာန၏ သစ်တော ထောက်ခံချက် ရယူရန် မလိုအပ်ဘဲ ရောင်းချသူ၏ ဆိုင်အရောင်းပြေစာများဖြင့်သာ သယ်ယူဆောင်ရွက်ခွင့်ပြုကြောင်းနှင့် အဆိုပါ ပစ္စည်းများအား စီးပွားဖြစ် မဟုတ်ဘဲ ပြည်ပသို့ နမူနာပစ္စည်းများ တစ်ကြိမ် ပေးပို့ခြင်းအတွက် သယ်ယူလိုသည့် ပစ္စည်း အမျိုးအစား တစ်ခုလျှင် အရေအတွက် ၁၀ ခုထက်မပိုစေဘဲ နမူနာပစ္စည်းများ၏ စုစုပေါင်း ကာလတန်ဖိုးသတ်မှတ်ချက်မှာ အမေရိကန် ဒေါ်လာ ၅၀ဝ ထက်မပိုပါက သစ်တောထောက်ခံချက်ရယူရန် မလိုဘဲ သယ်ယူခွင့်ပြုလိုက်ကြောင်း သိရသည်။

ထိုသို့ ဖြေလျှော့ပေးမှုများတွင် သစ်လုပ်ငန်း ဦးစီးဌာနမှ သစ်တောနယ်မြေနှင့် သဘာဝတောများတွင် ပေါက်ရောက်နေသည့် ကြိမ်၊ ဝါးအပါအဝင် သစ်မဟုတ်သောသစ်တောထွက် ပစ္စည်းများကို ရောင်းဝယ် ဖောက်ကားခြင်း၊ ပြည်ပတင်ပို့ခြင်းကိစ္စများအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအရ သတ်မှတ်ထားသည့် အခွန်ငွေပေးဆောင်ရန် ပြည်တွင်း၌ ဝယ်ယူသည့် ပြေစာအထောက်အထား၊ သယ်ယူခွင့်မျှောစာတို့ဖြင့် လွတ်လပ်စွာ သယ်ယူ ရောင်းချခွင့်တို့ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ ပရိဘောဂ စက်မှုလက်မှု အသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက “ပရိဘောဂဖွံ့ဖြိုးလာရင် လုပ်သားတွေကိုလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာပေးနိုင်၊ ပံ့ပိုးပေးနိုင်မယ်။ တိုင်းပြည်ရဲ့ GDP တက်လာနိုင်ဖို့ အထောက်အကူဖြစ်စေမယ်။ ဒါ့ကြောင့် လုပ်ထုံးလုပ်နည်းတွေ ဖြေလျှေ့ာပေးဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောသည်။

ပရိဘောဂပစ္စည်းများ ထုတ်လုပ်တင်ပို့ရောင်းချရာတွင် ချမှတ်ထားသော ဥပဒေစည်းမျဉ်းများကြောင့် လုပ်ငန်းများ မတွင်ကျယ်ဘဲဖြစ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအကြား ပရိဘောဂထုတ် လုပ်တင်ပို့ ရောင်းချမှုများပြုလုပ်ရာတွင် လာအိုနိုင်ငံပြီးလျှင် ဒုတိယအနည်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ယှဉ်လျှင် ၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အမေရိကန် ဒေါ်လာ ၁ဝ၆၉ ဒသမ ၈ သန်းခန့် တင်ပို့နိုင်ပြီး၊ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂၈ သန်းခန့်သာ တင်ပို့ရောင်းချနိုင်သဖြင့် အလွန်နည်းပါးလျက်ရှိနေကြောင်း သိရသည်။

ပြည်တွင်းရှိ ဌာနများအလိုက်ချမှတ်ထားသော ဥပဒေစည်းမျဉ်းများကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လွယ်ကူချောမွေ့မှုမရှိသေးသဖြင့် ပရိဘောဂထုတ်လုပ်တင်ပို့ ရောင်းချမှုများနှင့်ပတ်သက်၍ လျင်မြန်စွာ တင်ပို့ရောင်းချနိုင်ရန်အတွက် လက်ရှိကျင့်သုံးလျ က်ရှိသော လုပ်ထုံးလုပ်နည်းများကို လျှော့ပေါ့ပေးရန် လိုအပ်ကြောင်း သိရသည်။

ပရိဘောဂပစ္စည်းများကို ပြည်ပ ကုန်စည်ပြပွဲသို့ သွားရောက်၍ နမူနာများ ပြသရာတွင် လျင်မြန်မှုမရှိဘဲ ကြန့်ကြာနေသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အကောက်ခွန်ဌာနတို့ ပူးပေါင်းကာ ပရိဘောဂ ထုတ်လုပ် တင်ပို့ရောင်းချမှုများနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သိရသည်။ ပရိဘောဂပစ္စည်းများကို ပြည်ပကုန်စည်ပြပွဲသို့သွားရောက်၍ နမူနာများ ပြသရာတွင် လျင်မြန်မှုမရှိဘဲ ကြန့်ကြာနေသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အကောက်ခွန်ဌာနတို့ ပူးပေါင်းကာ ပရိဘောဂထုတ်လုပ်တင်ပို့ရောင်းချမှုများ နှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပရိဘောဂထုတ်လုပ်သူများက ပြောသည်။

 မြန်မာတောင်သူကြီးများ ဂျာနယ်

Export, Import Read 610 times