တစ်ရက်လုပ်အားခ အနည်းဆုံး ၄၈၀၀ ကျပ်ပေးရန်သတ်မှတ်


06 March, 2018

နေပြည်တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင်ပြုလုပ်သည့် အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီ၏ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် အဆိုပါနှုန်းထားအတိုင်း သတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။

လွန်ခဲ့သော ၃နှစ်ခန့် ၂၀၁၅ခုနှစ်၏ အနည်းဆုံးအခကြေးငွေဥပဒေအရ တစ်နေ့အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃၆၀၀ သတ်မှတ်ခဲ့ပြီးနောက် ယခုအခါ ကျပ် ၄၈၀၀ အဖြစ် ပြောင်းလဲသက်မှတ်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရသို့တင်ပြ၍ မကြာမီအချိန်အတွင်း တစ်နိုင်ငံလုံးသို့ အတည်ပြုထုတ်ပြန်မည်ဖြစ်ကြောင်း သိရပါသည်။

အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားကို ၄၈၀၀ ကျပ်အဖြစ် အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် သတ်မှတ်ခဲ့ကာ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်စာများပေးပို့နိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာခဲ့ပြီးနောက် တစ်နိုင်ငံလုံးရှိ အလုပ်ရှင်၊ အလုပ်သမား ၄၀၀၀ ကျော် ကန့်ကွက်စာများ ပေးပို့ခဲ့ရာ အလုပ်ရှင်များဘက်မှ ၄၀၀၀ ကျပ်သာပေးနိုင်ကြောင်း ပြောခဲ့သော်လည်း အလုပ်သမားများဘက်က ၅၆၀၀ ကျပ်ပေးရန် တောင်းဆိုခဲ့ကြကြောင်းလည်း သိရပါသည်။

ကန့်ကွက်စာ ၄၀၀၀ ကျော်သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုက ၄၈၀၀ ကျပ်ကိုလက်ခံကြောင်း၊ အခြားပြည်နယ်များကလည်း လက်ခံသောကြောင့် အများသဘောအရ ၄၈၀၀ ကျပ်အဖြစ် အမျိုးသားကော်မတီက သဘောတူလိုက်ကြောင်း သိရပါသည်။

ယနေ့ခေတ်ကုန်ဈေးနှုန်းအနေထားဖြင့် ကျပ် ၄၈၀၀ ကျပ်နှုန်းထားသည် အဆင်မပြေသော်လည်း ယခုနှုန်းထားအတိုင်း အနိမ့်ဆုံး၊အနည်းဆုံးပေးရမည်ဟု ဆိုလိုတယ်ဆိုတာကို သဘောထားပြီး ယခုနှုန်းထားကို လက်ခံခဲ့တာဖြစ်ကြောင်း အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီ အလုပ်သမားကိုယ်စားလှယ် ဦးဝင်းဇော်က ပြောကြားခဲ့ပါသည်။

ယခု အနည်းဆုံးအခကြေးငွေမှာ အလုပ်သမား ၁၀ ဦးနှင့်အထက်ရှိသည့် ပုဂ္ဂလိကလုပ်ငန်းရှိ လုပ်သားများအားပေးရမည်ဖြစ်ကြောင်း သိရပါသည်။

အမျိုးသားကော်မတီက ၄၈၀၀ ကျပ် အတည်ပြုခြင်းကို လက်ခံပြီး သတ်မှတ်ထားတဲ့အတိုင်းပေးသွားမည်ဖြစ်၍ အလုပ်သမားများဘက်ကလည်း ပေးရသော လုပ်အားခနှင့်ထိုက်တန်သော လုပ်အားများ ပြန်ပေးဖို့လိုအပ်ကြောင်း၊ ထိုကဲ့သို့ပြုလုပ်ရန်လည်း သတိပေးစာများ စက်ရုံမှာကပ်သွားဖို့ရှိကြောင်း၊ လုပ်အားအပြည့်အ၀ မပေးနိုင်သော အလုပ်သမားများကိုလည်း လက်တွဲဖြုတ်သွားမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် အထည်ချုပ်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

 

Local News Read 662 times