စိုက်ပျိုးရေးနှင့် ငွေကြေးကဏ္ဍ အပါအဝင် ကဏ္ဍ ( ၄ ) ခုမှာ ဒေါ်လာတစ်သန်း ရင်းနှီးမြှုပ်နှံမည်


04 April, 2019

အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို ရန်ကုန် - ယူကေ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန ( DFID ) ၏ လုပ်ငန်းအစီအစဉ်တစ်ခု ဖြစ်သော ဓနနှင့် ICCO ကော်ပိုရေးရှင်း၊ ဖန်တီးရာတို့က ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။

ဖန်တီးရာအနေဖြင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ဖွံဖြိုး တိုးတက်လာစေရန် နည်းပညာပိုင်းဆိုင်ရာများကို ပံ့ပိုး ကူညီပေးသွားမည် ဖြစ်ပြီး ICCO, Truvalu နှင့် One to Watch အဖွဲ့အစည်းများကလည်း အသေးစားနှင့် အလတ်စားလုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်ရန် ပူးတွဲ အကောင်အထည် ဖော်သွားမည် ဖြစ်သည်။

ICCO နှင့် ဖန်တီးရာတို့က မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး နည်းပညာ၊ ငွေရေးကြေးရေးဆိုင်ရာ နည်းပညာ၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ကဏ္ဍများတွင် ဦးစားပေး ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ပြီး အနည်းဆုံး စီမံကိန်း ( ၁၀ ) ခုအား ပြုစု ပျိုးထောင်ပေးသွားမည် ဖြစ်သည်။

ထိုသို့ ပျိုးထောင်ပေးမည့် စီမံကိန်းများကို ရွေးချယ်ရာတွင် အလားအလာရှိသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စွန့်ဦးတီထွင်သူများကို စုစည်းပြီး အမျိုးသမီးများ၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးရန်နှင့် ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ရာတွင် အဆင့်သင့်ဖြစ်နေေစေရန်လည်း ကူညီပေးသွားမည် ဖြစ်သည်။

အများနှင့် အကျုံးဝင်သော စီးပွားရေးလုပ်ငန်းဆိုသည်မှာ ဝင်ငွေအနည်းဆုံး ရရှိသူများကို စီးပွားရေး လုပ်ငန်းများတွင် ပါဝင်စေခြင်းဖြင့် အစိုးရနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများသာမကပဲ နိုင်ငံတွင်းရှိ ဆင်းရဲ နွမ်းပါးသူများအတွက်ပါ အကျိုးဖြစ်ထွန်းစေနိုင်သည့် လုပ်ငန်းများကို ဆိုလိုသည်။

အဆိုပါ လုပ်ငန်းများသည် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူ သုံးဦးသုံးဖက်လုံးကို အကျိုးဖြစ်ထွန်းစေပြီး လုပ်ငန်း ဆက်လက်တိုးချဲ့နိုင်သော ဆန်းသစ်တီထွင်မှုရှိသည့် စီးပွားရေးလုပ်ငန်းများပင် ဖြစ်သည်။

အများနှင့် အကျုံးဝင်သော စီးပွားရေးလုပ်ငန်းများအကြောင်း ပိုမို သိရှိလိုပါက “ မြန်မာနိုင်ငံအတွင်း အများနှင့် အကျုံးဝင်သော စီးပွားရေးလုပ်ငန်းများဆိုင်ရာ အစီရင်ခံစာ “ ကို http://bit.do/DaNa_IBreport တွင် ဝင်ရောက် ဖတ်ရှုလေ့လာနိုင်ပါသည်။

Myanmar Industry Directory

Investment/Divestment Read 2376 times