ပြည်တွင်းရွှေဈေးကွက်ကို နိုင်ငံတကာသို့ တက်လှမ်းနိုင်ရန်ရည်ရွယ်၍ OSSC စင်တာ ဖွင့်လှစ်


26 September, 2018

မြန်မာနိုင်ငံမှ ရွှေများကိုပြည်ပနိုင်ငံများသို့တင်ပို့ခြင်းဖြင့် ကုန်သွယ်မှုလိုငွေကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာရွှေလုပ်ငန်းဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီလိမိတက်၏ ဒါရိုက်တာ ဒေါက်တာ ရဲသူအောင်က ပြောသည်။မြန်မာနိုင်ငံရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ တင်ပို့တင်သွင်းခြင်းဆိုင်ရာ တစ်နေရာတည်း ဝန်ဆောင်မှုလုပ်ငန်းစင်တာ One Stop Service Centre (OSSC) ဖွင့်ပွဲအခမ်းအနားကို ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အတွင်းရှိ Myanmar Culture Valley ၌ ကျင်းပခဲ့သည်။

အဆိုပါ တစ်နေရာတည်း ဝန်ဆောင်မှုလုပ်ငန်းစင်တာကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်း (ဦးထုံရွှေပန်းတိမ်)နှင့် တာဝန်ရှိသူများက ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

လက်ရှိ မြန်မာ့ရွှေဈေးကွက်

**************

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများသို့ တရားဝင် ရွှေကို တင်ပို့၊တင်သွင်းခြင်းမရှိဘဲ နယ်စပ်မှတစ်ဆင့် နည်းအမျိုးမျိုးဖြင့် တင်သွင်းရောင်းဝယ်နေကြခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံမှရွှေများ၏ စံချိန်စံနှုန်းကို ကမ္ဘာမှ အသိအမှတ်ပြုထားခြင်းမရှိဘဲ အသိမှတ်ပြု လက်မှတ်ရရှိရန် လုပ်ဆောင်နေသည်ဟု သိရသည်။ စက်တင်ဘာလ ၂၄ ရက်နေ့စာရင်းများအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ၁,၀၁၂,၀၀၀ ကျပ် နှင့် ၁၅ ပဲရည် တစ်ကျပ်သားကို ၉၅၂,၅၀၀ ကျပ် ဈေးနှုန်းရှိနေကြောင်းသိရပါသည်။ လက်ရှိအချိန်တွင် နိုင်ငံတကာသို့မြန်မာ့ရွှေများ ရောင်းချနိုင်ရန်အတွက် Exchange နှင့် Logistic ကုမ္ပဏီ ၁၄ ခုခန့်ဖြင့် ချိတ်ဆက်ထားသည်ဟု သိရသည်။ မြန်မာ့ရွှေများတင်ပို့ရောင်းမည့် အစီအစဉ်ကို ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ၊ အမေရိကန်၊ အိန္ဒိယနှင့် ဥရောပနိုင်ငံများမှ စိတ်ဝင်စားမှုများရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဇူလိုင်လအထိ ပြည်ပပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၅၅၈၃.၃၁၉ သန်း နှင့် သွင်းကုန် ၆၄၄၂.၇၃၁ သန်း ရှိနေသည်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များအရသိရသည်။ ထို့ကြောင့် သွင်းကုန်များမှာ ပို့ကုန်ပမာဏထက် အမေရိကန်ဒေါ်လာ ၈၅၉.၄၁၂ သန်း ပိုများနေသည်ကို တွေ့ရသည်။

One Stop Service Centre (OSSC) ၏ ရည်ရွယ်ချက်

**********

• ရွှေ၊ ရွှေဖြင့်ပြုလုပ်သော လက်ဝတ်ရတနာများ အသုံးအဆောင်ပစ္စည်းများ တင်ပို့ခြင်းများ လုပ်ဆောင်ရာတွင် ကုန်သွယ်မှု အတားအဆီးများကို ဖယ်ရှားနိုင်ပြီး ထိရောက်သော စွမ်းဆောင်ရည်ပြည့်ဝသည့် ဗဟိုထိန်းချုပ်စနစ် တည်ဆောက်ရန်၊

• လုပ်ငန်းရှင်များ အနေဖြင့် ဥပဒေနှင့်အညီ တင်သွင်းတင်ပို့မှုများကို ပြုလုပ်နိုင်ရန်နှင့် အစိုးရကို သင့်တင်လျောက်ပတ်သော အခွန်ဝင်ငွေဖြင့် ထောက်ပံ့နိုင်ရန်၊

• နိုင်ငံတကာအသိုက်အဝန်း၏ အကူအညီဖြင့် အောင်မြင်၍ ရေရှည်တည်တံ့ ခိုင်မြဲသော ရွှေဈေးကွက်၊ ရွှေနှင့်လက်ဝတ်ရတနာ ကုန်သွယ်မှုစင်တာ တစ်ခုကို ဖန်တီးတည်ဆောက်ရန်၊

• ရွှေအရည်အသွေး စစ်ဆေးခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းတို့အတွက် နိုင်ငံတကာ အသိအမှတ်ပြု လွတ်လပ်သည့် ကြားနေဓာတ်ခွဲခန်းတစ်ခုကို တည်ဆောက်ရန်၊

• တင်ပို့တင်သွင်းခြင်း မပြုမီ တန်ဖိုးကွင်းဆက် တစ်ခုလုံးအတွင်း သင့်လျော်သည့် တာဝန်ယူ၊ တာဝန်ခံမှုများကို သေချာစွာ တည်တံ့စေရန်၊

• လာမည့်ဆယ်စုနှစ်အတွင်း London Bullion Market Association ၏ အသိအမှတ်ပြုသည့် ရွှေသန့်စင်ခြင်းကို အောင်မြင်စွာ တည်ထောင်ရန်နှင့်

• ပြည်တွင်း ရွှေနှင့် ရွှေဖြင့်ပြုလုပ်သော လက်ဝတ်ရတနာ ဈေးကွက်သို့ တက်လှမ်းနိုင်ရန်အတွက် ကူညီမှုပြုနိုင်ရန် One Stop Service Centre ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

OSSC ၏ လုပ်ဆောင်ချက်များ

*************

One Stop Service Centre တွင် အကောက်ခွန်ဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဌာနနှင့် အခြားသော အဖွဲ့ အစည်းများအားလုံးတို့မှ တင်သွင်းသူ တင်ပို့သူတို့အား အကောင်းဆုံးဝန်ဆောင်မှုများ ပေးသွားမည်ဖြစ် ကြောင်း သိရသည်။ ထို့ပြင် စံစနစ်သတ်မှတ်ခြင်း လုပ်ငန်းစဉ်ကိုလည်း လွတ်လပ်သော(တတိယ) အဖိုးတန် သတ္တုစစ်ဆေးသည့် ဓာတ်ခွဲခန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး တင်သွင်း တင်ပို့သည့် ရွှေသတ္တုများကို တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးအကဲဖြတ်ခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ လုပ်ငန်းဆောင်ရွက်ရန် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရှန်ဟိုင်း၊ ဒူဘိုင်း၊ စင်္ကာပူရွှေ ဈေးကွက်အဖွဲ့အစည်းများ၊ ကုမ္ပဏီများ စုစုပေါင်း ၁၄ ခုအပြင် ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီများနှင့်လည်း နားလည်မှုသဝဏ်လွှာများ လက်မှတ်ရေးထိုးခဲ့ပြီး လိုအပ်သော ပြင်ဆင်မှုများကို ပြုလုပ်ထားကြောင်း သိရသည်။

ထို့အပြင် OSSC အနေဖြင့် ရွှေနှင့်ပတ်သက်၍ ရောင်းဝယ်ခြင်းလုပ်ငန်းများ၊ အရောင်းပြပွဲများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံအတွက် တရားဝင်ရွှေဈေးကွက်ဖြစ်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။ ထို့အပြင် OSSC မှတစ်ဆင့် မြန်မာ့ရွှေများ၏ အရည်အသွေးကို စက်များဖြင့်သတ်မှတ်ကာ နိုင်ငံတကာသို့တင်ပို့သွားရန် စီစဉ်ထားသည်။

ရွှေအရည်အသွေးတိုင်းတာရာတွင် သိပ်သည်းဆတိုင်းတာခြင်းနှင့် ရာခိုင်နှုန်း တိုင်းတာခြင်းဟူ၍ နည်းလမ်း နှစ်မျိုးရှိနေပြီး အဆိုပါနည်းလမ်းနှစ်ခုလုံးဖြင့် ပြည်ပသို့တင်ပို့မည့်ရွှေများကို တိုင်းတာသွားမည်ဟု သိရသည်။

ရွှေတင်ပို့ရောင်းချရန်နှင့် အရည်အသွေးသတ်မှတ်ရန် စသည့်လုပ်ငန်းစဉ်များအတွက် မြန်မာနိုင်ငံ ရွှေ၊ ကျောက်မျက် ဈေးကွက်ဖြစ်မြောက်ရေးဗဟိုကော်မတီမှ ရွှေတင်ပို့မှု တင်သွင်းမှုဆိုင်ရာ မူဝါဒများချမှတ် သွားမည်ဖြစ်ပြီး ပြည်တွင်းရွှေပမာဏနည်းပါးမှုများ မဖြစ်စေရန်အတွက်လည်း ယင်းကော်မတီမှ နေ့စဉ် လိုင်စင်များကို စိစစ်သွားမည်ဟု သိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောကြားချက်

**************

 "ရွှေနဲ့ပတ်သက်ပြီးသော်လည်းကောင်း ကျောက်မျက်နဲ့ပတ်သက်ပီးသော်လည်းကောင်း ကျွန်တော်တို့ ဈေးကွက်ကြီးတစ်ခု ထူထောင်နေပါတယ်။ ဒီဈေးကွက်ဟာ အရောင်းအဝယ်ကိစ္စရပ်တွေ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ အခြားသော ကျွဲကူးရေပါ တိုးတက်လာမယ့်လုပ်ငန်းနယ်ပယ်အသီးသီးအတွက် များစွာ အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီလုပ်ငန်းကို စနိုင်ဖို့အတွက် ပထမဦးဆုံးကတော့ ကျွန်တော်တို့ နိုင်ငံကို တင်သွင်းလာတဲ့ပစ္စည်းတွေကို အလွန် လွယ်လွယ်ကူကူ ရောင်းဝယ်ဖောက်ကားလို့ ရပါတယ်။ ကျွန်တော်တို့နိုင်ငံကနေ ပြည်ပကိုပစ္စည်းတွေထုတ်မယ်။ အကြိမ်ကြိမ် သယ်ကြပိုးကြမယ်ဆိုရင် တရားဝင် တကယ် မြန်မြန်ဆန်ဆန် လုပ်ဖို့အတွက် One Stop Service Centre (OSSC) က အရေးကြီးဆုံးကဏ္ဍတစ်ခု အနေနဲ့ ရှိနေလာမှာဖြစ်ပါတယ်" ဟု ရန်ကုန်ုတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ထို့အပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရွှေလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် “အခု ကျွန်တော်တို့ဆောင်ရွက်တဲ့ One Stop Service Centre ဟာ တင်းကြပ်ဖို့၊ ရစ်ဖို့၊ ကြိုးနီစနစ်တွေလိုမျိုး၊ ဗျူရိုကရေစီ ယန္တရားတွေလို လုပ်ဖို့ မဟုတ်ပါဘူး။ ဝန်ဆောင်မှုအကောင်းဆုံး ချက်ချင်းဝန်ဆောင်မှု ပေးနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒီလိုချက်ချင်း ဝန်ဆောင်မှုပေးနိုင်ခြင်းအားဖြင့် အားလုံးဟာ ဒီ One Stop Service Centre ကို အားကိုးစွာနဲ့ လွယ် လွယ်ကူကူ သွင်းနိုင်တယ်၊ လွယ်လွယ်ကူကူ ထုတ်နိုင်တယ်၊ လွယ်လွယ်ကူကူ ရောင်းဝယ်နိုင်တဲ့ အခြေ အနေတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။ ဒါမှသာလျှင် ကျွန်တော်တို့နိုင်ငံမှာ ဈေးကွက်ကြီးတစ်ခုကို ရန်ကုန်မှာ ထူထောင်လို့ ရလာမှာဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ဒေါက်တာ ရဲသူအောင် ပြောကြားချက်

*************

"လက်ရှိကျွန်တော်တို့နိုင်ငံမှာအကြီးမားဆုံးပြဿနာဖြစ်တဲ့ Trade Deficit (ကုန်သွယ်မှုလိုငွေ) ပြဿနာ ဖြစ်ပါတယ်။ လောလောဆယ်ရွှေတွေသည် တရားမဝင်ဈေးကွက်နဲ့နိုင်ငံခြားကို ရောက်သွားပြီးတော့မှ မြန်မာ နိုင်ငံကို အမေရိကန်ဒေါ်လာ အနေနဲ့ဝင်လာနိုင်တဲ့အနေအထားမရှိပါဘူး။ ထိုအခြေအနေမှာ OSSC ကနေ တရားဝင် Export (တင်ပို့) ပို့မယ်ဆိုရင်သူသည် Export မှာ ၀ % AV ၂ % လောက်ဆောင်ရမှာဖြစ်ပါတယ်။ ဒီတရားဝင်ငွေတွေအကုန်လုံးသည် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာအနေနဲ့ ဝင်ရောက်ပြီးတော့မှ ကျွန်တော် တို့မြန်မာနိုင်ငံရဲ့ Trade Deficit (ကုန်သွယ်မှုလိုငွေ) ကိုဝင်ရောက်ပံ့ပိုးပေးနိုင်မယ်ဆိုတဲ့ ရည်ရွယ် ချက်သည် ကျွန်တေ်ာတို့ရဲ့ Vision Statement ရဲ့ နောက်ဆုံးအချက်ဖြစ်ပါတယ်" ဟု မြန်မာရွှေလုပ်ငန်းဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီလိမိတက်၏ ဒါရိုက်တာ ဒေါက်တာရဲသူအောင်က ပြောသည်။

ဦးကျော်ဝင်း ပြောကြားချက်

**********

"ရွှေစမ်းတဲ့စက်ကအစ ကျောက်မျက်ရတနာစမ်းတဲ့စက်ကအစ မြန်မာနိုင်ငံတင်မဟုတ်ပါဘူး။ နိုင်ငံတကာမှာပါ အဆင့်မြင့်ဆုံး စက်တွေဆောင်ရွက်ထားတာရှိပါတယ်။ ဒါကလည်း third party ကုမ္ပဏီတစ်ခုကနေပြီးတော့ အကူညီတောင်းပြီး လုပ်ခြင်းဖြစ်ပါတယ်။ စက်တွေနဲ့စမ်းမှထွက်လာတဲ့အဖြေဟာ နိုင်ငံတကာလက်ခံမှာပေါ့။ အန်ကယ်တို့ မဖြစ်ချင်ဆုံးက အန်ကယ်တို့နိုင်ငံမှာ စမ်းလိုက်တယ်ဆိုပါစို့။ ဒီရွှေက ၉၉ % ရှိပါတယ်လို့ စမ်းလိုက်တဲ့ဟာ သူများနိုင်ငံမှာခင်ဗျားတို့စမ်းတာ ၉၉ % ပဲ ဒီမှာ ၉၈ % ပဲရှိတယ်။ ဒီလိုအငြင်းပွားမှုတွေ မဖြစ်အောင်တိကျတဲ့ စက်တွေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်" မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးကျော်ဝင်း က ပြောသည်။

ထို့အပြင် "ရွှေအသုံးအဆောင်ပစ္စည်းတွေ ရွှေနဲ့ပတ်သတ်တဲ့ပစ္စည်းတွေအကြောင်း တင်ပို့ တင်သွင်းခြင်း စတင်တာ ဖြစ်ပါတယ်။ ဒီကနေ Practice စလုပ်ပြီးတော့ အားလုံးအဆင်ပြေသွားတဲ့ အခါကြရင် နောင်တစ်ချိန်မှာ နိုင်ငံတကာမှာ ပွဲတွေ ကျင်းပကြသလို ထူထောင်ပြီးတော့ နိုင်ငံတကာနဲ့ အရောင်းအဝယ်ကိစ္စလေးတွေ ဆက်ပြီးတော့ သွားမှာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ၊ ရွှေလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်း က ပြောသည်။

Mizzima/ Myanmar digital

Export, Import Local News Read 490 times