ဒေါ်လာသန်းတစ်ထောင့်ငါးရာတန် တရုတ်နောက်ခံစီမံကိန်းကို စိန်ခေါ်လုပ်ကိုင်သူ မြန်မာလုပ်ငန်းရှင်


24 November, 2018

မြန်မာတွင် ဘင်္ဂါလီ (မူရင်း တွင် ရိုဟင်ဂျာဟု ဖော်ပြထား) ပြဿနာကြောင့် ရင်းနှီးမြှုပ်နှံသူများ အားလျော့ပြီး တရုတ်အစိုးရ နောက်ခံပေးထားသော စီမံကိန်းကြီးများအပေါ် အာရှ၌စိုးရိမ်ပူပန်မှုများ တိုးလာနေသော်လည်း မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီး ဆာ့ချ်ပန်းသည် တရုတ်တို့ ဆောက်လုပ်မည့် ရန်ကုန်အတွက် အမေရိကန်ဒေါ်လာ သန်းတစ်ထောင့်ငါးရာတန် စက်မှုဇုန်သစ်ကို စိန်ခေါ်ကြိုးစားလုပ်ကိုင်နေပါတယ်။

သီရိလင်္ကာတွင် ပြဿနာတက်ခဲ့သော တရုတ်အစိုးရပိုင် (စီစီစီစီ)ကုမ္ပဏီသည် ယခုနှစ်ကုန်လျှင် ဘဏ္ဍာရေးအစီအစဉ်များအပါအဝင် အဆိုပါရန်ကုန် စက်မှုဇုန်အတွက် စာရွက်စာတမ်းများကို အဆင်သင့်ဖြစ်နေမည်ဟု မစ္စတာပန်းက ပြောကြားသည်။ ထိုစက်မှုဇုန်မှာ မြန်မာပြည်၏ ရှန်ကျင့်စက်မှုဇုန်ဖြစ်လာမည်ဟု သူကပုံဖော်ပြခဲ့ပါတယ်။

‘‘ရက် ၆၀ အတွင်းမှာ ပထမဆုံး ရင်းနှီးမြှုပ်နှံမှုတွေ စတော့မယ်’’ဟု စင်ကာပူတွင် တရားဝင်မှတ်ပုံတင်ထားပြီး မြန်မာပြည်၌ လုပ်ငန်းများစွာ လုပ်ကိုင်နေသည့်ရိုးမကုမ္ပဏီနှင့် မမ်မိုရီအုပ်စုများကို ကြီးကြပ်ကွပ်ကဲနေသည့် မစ္စ တာပန်းက ဆိုခဲ့ပါတယ်။

သူသည် အစိုးရပိုင်သည့် ရန်ကုန်မြို့တော်သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီတွင်လည်း အမှုဆောင် အရာရှိချုပ်အဖြစ် အခမဲ့ကြီးကြပ် ပေးမည်ဖြစ်တယ်။ စီမံကိန်း၌ ရန်ကုန် မြစ်အနောက်ပိုင်းတွင် စက်မှုဇုန် အသစ်အတွက် တံတားများ၊ လမ်းများနှင့် အခြားအခြေခံစီးပွားရေး အဆောက်အအုံဆောက်လုပ်မှုတွေ ပါဝင်မည်ဖြစ်ပါတယ်။ ထိုစက်မှုဇုန်သည် စရိတ်စကကြီးမှု နှင့် အမေရိကန် နှင့် ကုန်သွယ်ရေးစစ်ပွဲကြောင့် နေရာပြောင်းရန် လိုက်ရှာနေသည့် တရုတ် နှင့် အခြားကုမ္ပဏီများကို ဆွဲဆောင်ရန်ရည်ရွယ်ခဲ့ပါတယ်။

ထိုစီမံကိန်းသည် အလုပ်အကိုင်နှစ်သန်းခန့် ဖန်တီးပေးနိုင်ပြီး ပထမအပိုင်းကို ၂၀၂၀ မှာ ပြီးရန် ရည်မှန်းထားသည်ဟု မစ္စတာပန်းက ရှင်းပြခဲ့ပါတယ်။‘ဒီလိုပုံစံမျိုးအတွက် လိုလားတောင်းဆိုမှုက အရင်အနှစ် ၂၀ ထက်စာရင် အခုတကယ့်ကို အချိန်ကိုက်ဖြစ်လာတယ်။ ကုန်သွယ်ရေးစစ်ပွဲရှိရှိ၊ မရှိရှိ ဒီအရွေ့ကစနေပြီ။ အလုပ်သမားတွေ အများကြီးရနိုင်ပြီး တတ်နိုင်တဲ့ ဈေးနှုန်းနဲ့ နေရာတွေကို ရှာနေကြတယ်’

တရုတ်စီစီစီစီက ထိုစီမံကိန်းအတွက် အခြေခံထောက်မပေးသော နေရာမှာသာရှိသောကြောင့် သူတို့က အခြားကုမ္ပဏီများပါ ပါဝင်လေလံဆွဲရန် အများပိုင်လေလံတင်ပြီး ကမ်းလှမ်းလမ်းဖွင့်ပေးရမည်လဲ ဖြစ်ပါတယ်။သို့သော်လည်း လေလံမခေါ်ဘဲ တရုတ်ကုမ္ပဏီကို တင်ဒါခွင့်ပြုလိုက်သည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မစ္စတာပန်းအနေဖြင့် မေးခွန်းများရင်ဆိုင်ခဲ့ရ၏။

သီရိလင်္ကာနိုင်ငံတွင် အစိုးရက သူတို့လုပ်ပေးခဲ့သည့် ဆောင်ရွက်မှုများအတွက် အကြွေးမပေးနိုင်သောအခါ တရုတ်ကုမ္ပဏီက ဟန်ဘန်တိုတာဆိပ်ကမ်းကို ပြီးခဲ့သည့်နှစ်က သိမ်းပိုက်လိုက်သည်။ ထို့ကြောင့် သည်ဖြစ်ရပ်က အာရှတစ်ဝန်းမှာ တရုတ်၏အကြွေးထောင်ချောက်စီမံကိန်းများ၏ အန္တရာယ်ကို ကြောက်ရွံ့စိုးရိမ်စိတ်များကို အရှိန်မြင့်လာစေ၏။ တရုတ်တို့သည် ပိုးလမ်းမကြီးအတွက်၊ ရှေ့ပြေးစီမံကိန်းများအတွက်သည် စီမံကိန်းများကို ထည့်ဆောက်နေသည်ဟု ဝေဖန်သူများက ယုံကြည်ကြ၏။

သို့ရာတွင် မစ္စတာပန်းက ‘‘လူမှုရေးနဲ့ စီးပွားရေးတန်ဖိုးအတွက် လုံးဝအခိုင်အမာကာကွယ် နိုင်တဲ့အတွက် သည်စီမံကိန်းအတွက် ကျွန်တော်အတော်စိတ်အေး ပါတယ်’’ဟု ဆိုပါသည်။ သီရိလင်္ကာစီမံကိန်းတွင် ပြဿနာတက်ရသည်မှာ သီရိလင်္ကာသမ္မတဟောင်းနှင့်လက်ရှိဝန်ကြီးချုပ်ဖြစ်သည့် မာဟင်ဒါရာဂျာပက်ဆာသည် ဆိပ်ကမ်းကိုသင်္ဘောများကို ကုန်တင်ကုန်ချလာလုပ်ဖို့ အဆင်မပြေသည့် သူ၏ဇာတိခရိုင်မှာ ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့သည့်အတွက်ဖြစ်သည်ဟု သူကအပြစ်တင်ခဲ့ပါတယ်။

‘‘စီစီစီစီက သည်နေရာက ဆိပ်ကမ်းဆောက်ဖို့ နေရာမှန်မဟုတ်ဘူးလို့ ကန့်ကွက်တာတွေ လုပ်ခဲ့ပေမယ့် သူက ဆောက်တာ’’

ပြီးခဲ့သည့်တစ်ပတ်ကလည်း မြန်မာအစိုးရသည် ကြာရှည်စွာ ညှိနှိုင်းဆွေးနွေးခဲ့ရသည့် ကျောက်ဖြူမြို့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ထိုစီမံကိန်းကို တရုတ်အစိုးရ နောက်ခံပေးထားသော တရုတ်ကုမ္ပဏီ CITIC က လုပ်ဆောင်မည်ဖြစ်ပြီး မြန်မာအပေါ်မှာ အကြွေးတွေ အများကြီးတင်လာမှာကို စိုးရိမ်ရသည်အထိ စီမံကိန်းစရိတ်ကလည်း ကြီးမားလွန်းလှသည်။ ထို့ကြောင့် မြန်မာဘက်မှာ တောင်းဆိုညှိနှိုင်းပြီး စီမံကိန်းကို တစ်ဆင့်ချင်းစတင်ရန် သဘောတူခဲ့သည်။ဒေါ်လာတစ်ဘီလီယံကျော်တန်သောရေနက်ဆိပ်ကမ်းနှစ်ခုဖြင့် စတင်ရန်စီစဉ်နေသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ပိုင်ဆိုင်မှုမှာ မြန်မာ ၃၀ ရာခိုင်နှုန်း၊တရုတ် ၇၀ ရာခိုင်နှုန်းဖြစ်သည်။

‘‘အလားအလာမကောင်းတဲ့ အရာတစ်ခုကို သွားငွေချေးပြီး ဆောက်ရင်အကြွေးနွံထဲနစ်မှာပေါ့’’

ရန်ကုန်စီမံကိန်းကိုမူ တရုတ်၊မြန်မာ ၇၅၊ ၂၅ နှုန်း အချိုးချပြင် ဆင်ပုံစံချထားပါတယ်။တရုတ် စီစီစီစီက ငွေကြေးစိုက်ထုတ်ပြီး ရန်ကုန်မြို့က မြေစိုက်ဖြစ်ပါတယ်။‘‘တရုတ်ကုမ္ပဏီ တစ်ခုက ကျွန်တော်တို့မြို့ရဲ့ ကြီးမားတဲ့အစိတ်အပိုင်းကြီးကို သိမ်းနေတယ်ဆိုတဲ့ ပြောဆိုချက်က အဓိပ္ပာယ်မရှိပါဘူး’’ဟု မစ္စတာပန်းက ဆိုပါတယ်။

ရခိုင်ပြည်နယ် ပြဿနာကြောင့် ကုလသမဂ္ဂစုံစမ်းမှုများ လုပ်ရန် တောင်းဆိုနေပြီး အီးယူကလည်း မြန်မာကသွင်းကုန်များကို အခွန်ကင်းလွတ်ခွင့် ပေးထားမှုအား ပြန်လည်သုံးသပ်နေမှုကြောင့် အချို့ရင်းနှီးမြှုပ်နှံသူတို့၏ မြန်မာအပါ်စိတ်အားထက်သန်မှုများ လျော့နည်းကျဆင်းချိန်မှာ ထိုစီမံကိန်းက ပေါ်လာတာဖြစ်ပါတယ်။ အာရှဖွံ့ဖြိုးမှုဘဏ်၏အဆိုအရ တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ယမန်နှစ်က ဒေါ်လာသန်းလေးထောင်ကျော်ကနေ ယခုဘဏ္ဍာရေးနှစ်ကာလတွင် ဒေါ်လာသန်းတစ်ထောင့် ရှစ်ရာအထိ တစ်ဝက်ကျော်မက ကျဆင်းသွားသည်ဟုဆိုခဲ့ပါတယ်။ နိုင်ငံခြားခရီးသွားဧည့်သည်များလည်း ကျဆင်းသွားခဲ့ပါတယ်။

ကမ္ဘာ့ဈေးကွက်က မနှစ်သက်သည့် ဈေးကွက်တစ်ခုဖြစ် နေခြင်းနှင့် ရခိုင်ပြဿနာများ၏ ရိုက်ခတ်မှုဒဏ်ကို သူ၏ကုမ္ပဏီများလည်းခံစားခဲ့ရကြောင်း မစ္စတာပန်းက ဝန်ခံပြောဆိုခဲ့ပါတယ်။သို့ရာတွင် မြန်မာနိုင်ငံတွင် အနောက်တိုင်းသားရင်းနှီးမြှုပ်နှံ သူတို့ထက် အရေအတွက်ပိုများသည့် အာရှသားရင်းနှီးမြှုပ်နှံသူတို့သည် ရခိုင်က ပြဿနာများနှင့်မြန်မာကို ခွဲခြားမြင်ကြရာမှာပိုကောင်း သည်ဟုသူကရှင်းပြခဲ့ပါတယ်။

‘‘အနောက်က မြန်မာကို ကြည့်ရာမှာ သုံးတဲ့ မှန်ပြောင်းတွေနဲ့ အရှေ့က ကြည့်တဲ့မှန်ပြောင်းတွေက အရမ်းကို ကွာခြားပါတယ်’’

အသက်(၆၅)နှစ်ရှိ တရုတ် သွေးပါပြီး မန်ဒရင်းတရုတ်စကားကို ပြောသူ မစ္စတာပန်းသည် နှစ် နိုင်ငံစလုံး၏နိုင်ငံရေးကသောင်းကနင်းကာလကို အတွေ့အကြုံရှိ ဖူးသူတစ်ဦးဖြစ်သည်။ သူသည် ဦးနေဝင်းအစိုးရ စစ်အာဏာသိမ်း သည့် ၁၉၆၅ မှာ မြန်မာကနေ တရုတ်ကို ထွက်လာခဲ့သည်။တရုတ်ပြည်က ယဉ်ကျေးမှုတော် လှန်ရေးအတွင်းပိတ်မိခဲ့ပြီး ပညာပေးစခန်းမှာ နေခဲ့ရသည်။ ၁၉၇၃မှာ ဟောင်ကောင်သို့ ပြောင်းလာခဲ့ပါတယ်။

၁၉၉၁ တွင် ဇာတိမြေမြန်မာ ပြည်သို့ ပြန်လာခဲ့ကတည်းက အိမ်ရာမြေ၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ကားလုပ်ငန်း၊ ဗောက်စ်ဝက်ဂွန်၊ ကေအက်ဖ်စီ အပါအဝင် နာမည်ကြီးတံဆိပ်များကို ကိုယ်စားလှယ်ယူခြင်းတို့တွင် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။သူ၏ပြည်တွင်းကုမ္ပဏီဖြစ် သည့် အိမ်ရာလုပ်ငန်းက ပထမ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၊ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် ရိုးမဘဏ်၊ လေကြောင်းလိုင်းတို့ကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။ အကျင့်ပျက်ခြစားမှု နှင့် နာမည်ဆိုးရှိသည့် နိုင်ငံတစ်ခု မှာ မစ္စတာပန်းက နာမည်ပျက်မရှိအောင် ရှောင်ရှားနိုင်ခဲ့ပါတယ်။

စီးပွားရေးလုပ်ရာမှာ ကျင့် ဝတ်နှင့်ညီညွတ်ရေးကို အားပေးမြှင့်တင်နေသော ပုဂ္ဂလိကအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Myanmar Centre for Responsible Business သည် မကြာသေးခင်က မစ္စတာပန်း၏ ကိုယ်ပိုင်လုပ်ငန်းများ လုပ်နေသော အက်ဖ်အမ်အိုင်နှင့် ဆာ့ချ်ပန်းနှင့် ရောင်းရင်းများကုမ္ပဏီနှစ်ခုကို လုပ်ငန်းများဆောင် ရွက်ရာတွင် ပွင့်လင်းမြင်သာရှိမှု ပထမနှင့် တတိယအဆင့်နေရာ ပေးထားပါတယ်။

ရန်ကုန်မြို့တော်သစ်စီမံကိန်းမှာ သူ၏ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ပါဝင်လေလံဆွဲခြင်းကို သူက တားမြစ်ထားသည်။သို့ သော် အနာဂတ်တွင် စီမံကိန်း၌ လိုအပ်သည့်ပစ္စည်းတင်သွင်းပံ့ပိုးသူများအဖြစ် ဆောင်ရွက်မှုကိုမူ မကန့်သတ်ထားပါ။ သူသည် အဆိုပါစီမံကိန်းကို သူ့ကိုယ်ကျိုးထက် မြန်မာပြည်နှင့် သူ၏သမိုင်း အမွေအဖြစ် လုပ်နေသည်ဟု သူနှင့် ရင်းနှီးသူတို့က သူ၏အမြင်ကို အားပေးထောက်ခံခဲ့ကြပါတယ်။

‘‘ဒါက သူ့နိုင်ငံကို သူပြန်လည်ပေးဆပ်နိုင်တဲ့၊ လူထုအသိုင်းအဝိုင်းကို ပြန်လည်ပေးဆပ်နှိင်တဲ့ သူ့ရဲ့အခွင့်အရေးပါ။ သူ့မှာအစဉ်အလာကောင်းတွေ ရှိခဲ့ပါတယ်’’ဟု ရိုးမကုမ္ပဏီ အမှုဆောင် အရာရှိချုပ်ဟောင်း မစ္စတာအင်ဒရူးရစ်ချက်ကပြောကြားချက်အရ သိရပါတယ်။

7 Day News

Local News Read 4096 times