Onepay e-wallet ဖြင့် အခွန်ပေးဆောင်ခြင်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနက ၂၀၂၀ ဩဂုတ်လ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားပါသည်။
အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ အခွန်ပေးဆောင်နိုင်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ ထပ်မံအသိပေးကြေညာခြင်း
၁။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းကုမ္ပဏီများ အခွန်ငွေပေးသွင်းခြင်း လုပ်ငန်းစဉ်တွင် လက်ရှိကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ရောဂါကို တတ်နိုင်သမျှအကာအကွယ်ဖြစ်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် အီလက်ထရောနစ်စနစ်များကို အသုံးပြုကာ လွယ်ကူလျင်မြန်စွာ အခွန်ပေးဆောင်နိုင်ရန် ရည်ရွယ်၍ ပုဂ္ဂလိကဘဏ်များ၏ m-Banking, e-Banking, i-Banking စနစ်များနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၏ Mobile Payment စနစ်များဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ လက်ရှိတွင် အခွန်ထမ်းများအနေဖြင့် IRD Website (www.ird.gov.mm) ၏ Start Your Tax Online Payment မှတစ်ဆင့် Link ဝင်၍ MPU Corporate Debit Card အသုံးပြုကာ Online မှ အခွန်ပေးသွင်းခြင်းအပြင် ပုဂ္ဂလိကဘဏ်များဖြစ်သော သမဝါယမဘဏ်လီမိတက် (CB Bank)၊ ဧရာဝတီဘဏ်လီမိတက် (AYA Bank) ၊ ယူအေဘီဘဏ်လီမိတက် (UAB Bank)၊ ကမ္ဘောဇဘဏ်လီမိတက် (KBZ Bank) နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် (MAB Bank) တို့၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍လည်း အခွန်ပေးဆောင်နေပြီ ဖြစ်ပါသည်။
၃။ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ရရှိပြီးသော အခွန်ထမ်းများအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ( ၂၇ ) ရက်နေ့မှ စတင်၍ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD Bank) ၏ တရားဝင်မိတ်ဖက် e-wallet ဖြစ်သော Onepay စနစ်ကို အသုံးပြု၍ ONE-Bills feature ရှိ Tax Payment မှတစ်ဆင့် အခွန်ပေးဆောင်နိုင်မည်ဖြစ်ပါသည်။
၄။ Onepay e-wallet ကိုအသုံးပြု၍ အခွန်အောင်မြင်စွာ ပေးဆောင်ပြီးပါက Onepay မှ အခွန်ပေးသွင်းမှု အထောက်အထားအဖြစ် အခွန်ထမ်းသို့ e-receipt ထုတ်ပေးမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်းများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET မှတစ်ဆင့် အခွန်ငွေလွှဲပြောင်းပေးပြီးနောက် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေပေးသွင်းမှုအထောက်အထားများကို email အသုံးပြုပေးပို့အကြောင်းကြားသွားမည် ဖြစ်ပါသည်။
၅။ အခြားသော ပုဂ္ဂလိကဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့် ဝန်ဆောင်မှုပေးနိုင်ချိန်တွင်လည်း ထပ်မံအသိပေး ကြေညာသွားမည် ဖြစ်ပါသည်။
၆။ သို့ဖြစ်ပါ၍ အခွန်ထမ်းပြည်သူများအနေဖြင့် နိုင်ငံတော်သို့ အခွန်ငွေပေးဆောင်ရာတွင် ငွေသား/ချက်လက်မှတ်ဖြင့် အခွန်ငွေပေးသွင်းမှုအစား ပိုမိုလွယ်ကူလျင်မြန်ပြီး လုံခြုံမှုရှိသည့် အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ အခွန်ငွေပေးဆောင်ကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
၇။ အသေးစိတ်အချက်များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သည့် www.ird.gov.mm တွင် ကြည့်ရှုနိုင်ပြီး သက်ဆိုင်ရာအခွန်ရုံးများနှင့် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ (e-Payment Section၊ ရန်ကုန်)၊ အမှတ် ၅၆၉/၅၇၇၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁ သို့ ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။
ပုံ (မင်းထွဋ်)
ညွှန်ကြားရေးမှူးချုပ်
ပြည်တွင်းအခွန်များဦးစီးဌာန
By Myanmar Industry Guide