တရုတ်သို့ ကြက်သွန်နီ တင်ပို့ရာတွင် ယခင်ဘဏ္ဍာနှစ်က ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်တန်လျှင် ကျပ်နှစ်သိန်းခန့် ဈေးကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရပါတယ်။
ယခင် ဘဏ္ဍာနှစ်က ကြက်သွန်နီ တစ်ပိဿာလျှင် ပျမ်းမျှဈေး ကျပ် ၉၀၀၊ တစ်တန်လျှင် ကျပ် ၅၅၀၀၀၀ ခန့်ရှိခဲ့ပေမယ့်လည်း ယခုဘဏ္ဍာနှစ်တွင် တစ်ပိဿာ ကျပ် ၆၀၀၊ တစ်တန်လျှင် ကျပ် ၃၆၀၀၀၀ ခန့် ဖြင့်သာ ရောင်းချနေရ၍ တစ်တန်လျှင် ကျပ်နှစ်သိန်းနီးပါး လျော့နည်းနေပါတယ်။
မန္တလေး - မူဆယ် ကုန်သွယ်နေတဲ့ ကြက်သွန်ကုန်သည် ဦးမြတ်ထွန်းဦးက “အရင်ဘဏ္ဍာနှစ်တုန်းက တစ်တန်ကို ပျမ်းမျှဈေး ကျပ်ငါးသိန်းကျော်ရတယ်။ အရည်အသွေးအပေါ် မူတည်ပြီးတော့ ဈေးနှုန်းအမျိုးမျိုးရတယ်။ မေလကနေ စက်တင်ဘာအထိ အရည်အသွေးကောင်းတဲ့ ကြက်သွန်နီ တစ်တန်ရောင်းဈေးဟာ ကျပ်ကိုးသိန်းကနေ ၁၅ သိန်းအထိတောင် ဈေးရခဲ့တယ်။ ဒီနှစ်တော့ အဝယ်ရှိပေမယ့် ဈေးနည်းတယ်။ ပြည်တွင်းမှာလည်း အထွက်များတယ်။ ပိုလျှံတယ်။ အခု ကြက်သွန်ပေါက်ဈေးဟာ လှောင်လက်နဲ့ စားသုံးသူ အကြိုက်ဈေးပဲ” လို့ ပြောပါတယ်။
ယခုနှစ်အတွင်း တစ်ဖက်နိုင်ငံမှ ဈေးလျှော့ဝယ်ယူမှုကြောင့် ပြည်တွင်းရှိ ကုန်သည်များနှင့် စိုက်ပျိုးတောင်သူများ ထိခိုက်မှုရှိနေပါတယ်။ ဒါ့ကြောင့် ရေရှည်သိုလှောင်ထားရန် စီမံဆောင်ရွက်ခြင်း၊ ပြည်ပဈေးကွက်ရရှိရန် အစိုးရနှင့် အသင်းအဖွဲ့များ သွားရောက် ညှိနှိုင်းခြင်း၊ စီးပွားရေးသံမှူး ခန့်အပ်ထားရှိသည့် နိုင်ငံများ၌ ဈေးနှုန်း၊ ဈေးကွက်၊ စိုက်ပျိုးထွက်ရှိမှု အခြေအနေများကိုလေ့လာ၍ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ကုန်သည်အသင်းအဖွဲ့များသို့အသိပေးခြင်း၊ ချိတ်ဆက်ပေးခြင်းတို့ ဆောင်ရွက်ရန် လိုအပ်နေပါတယ်။
ကြက်သွန်နီ ကုန်ပစ္စည်းရှားပါးချိန်ဖြစ်တဲ့ သြဂုတ်နဲ့ စက်တင်ဘာလတို့မှာ ဈေးနှုန်းမြင့်တက်တတ်ခြင်းကြောင့် စနစ်တကျသိုလှောင်ခြင်းဖြင့် ဈေးကျဆင်းမှုကို ထိန်းထားရန် လိုအပ်ပါတယ်။ ပြည်တွင်းမှာ ပိုလျှံနေတာကြောင့် ပြည်ပပိုမိုပို့ဖို့ ကြိုးပမ်းနိုင်မှသာ စိုက်ပျိုးတဲ့တောင်သူတွေအနေနဲ့ ဈေးကောင်းရလာမှာဖြစ်ပါတယ်။ အသင်းဘက်ကလည်း ဈေးနှုန်းကျဆင်းနေတာကို ထိန်းထားနိုင်ဖို့ စီးပွားကူးသန်းကို တင်ပြထားတယ်လို့ သိရပါတယ်။
ကြက်သွန်နီဟာ ကြာရှည်အထားမခံတဲ့ ပုပ်ကုန်သီးနှံအမျိုးအစားဖြစ်နေ၍ ပင်လယ်ရေကြောင်းမှ တွင်တွင်ကျယ်ကျယ် တင်ပို့နိုင်ခြင်းမရှိခြင်း၊ သိုလှောင်တဲ့ ခြောက်လခန့်အတွင်း လေလွင့်ဆုံးရှုံးမှုပမာဏက ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်အထိပင် ရှိတတ်ပါတယ်။
လက်ရှိ ကြက်သွန်နီဈေးများမှာ ကြက်သွန်နီ ဂျွန်ကြီး တစ်ပိဿာလျှင် ကျပ် ၄၀၀ မှ ၅၀၀ ကြား၊ ဂျွန်လတ် တစ်ပိဿာလျှင် ကျပ် ၃၅၀ မှ ၄၀၀ ကြား၊ ဂျွန်သေး တစ်ပိဿာလျှင် ကျပ် ၃၀၀ သာ ဈေးရရှိနေခြင်းကြောင့် ပွဲရုံပိုင်ရှင်များက လာရောက်ရောင်းချတဲ့ တောင်သူများကို သယ်ယူပို့ဆောင်ခ ပြန်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
The Farmer Myanmar