ရာသီချိန်ဖြစ်၍ နယ်စုံမှ ကြက်သွန်များအဝင်များသောကြောင့် ကြက်သွန်ဈေးနှုန်း ဆက်တိုက်ကျဆင်းနေပြီး ထပ်စများမှာ ဝယ်ယူသူမရှိသလောက်ပင် အရောင်းအဝယ်အေးနေကြောင်း မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် မီးဖိုချောင်သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတစ်ဦးကပြောခဲ့ပါသည်။
ဈေးကျဆင်းရာတွင် သင်္ကြန်ကာလနောက်ပိုင်းတွင်ငွေကျပ် ၇၀၀ ကျော်သာရှိရာမှ လက်ရှိတွင် အနိမ့်ဆုံး ငွေကျပ် ၅၀၀ မှ အမြင့်ဆုံး ငွေကျပ် ၆၀၀ ခန့်သို့ ထက်ဝက်ခန့်ကျဆင်းသွားကြောင်း သိရပါသည်။
ကြက်သွန်ပေါ်ချိန်ဖြစ်ပြီး နယ်စုံမှ ကြက်သွန်များအဝင်များနေသောကြောင့် ဈေးနှုန်းကျဆင်းနေခြင်းဖြစ်ပြီး ထိပ်စအကြီးများသည် ရောင်း၍ပင်မရကြောင်း သိရပါသည်။
ရန်ကုန်မြို့ဘုရင်နောင်ကုန်စည်ဒိုင်ဈေးကွက်သို့ ယမန်နေ့က ကြက်သွန်ကားစီးရေ ၃၀ ကျော် ဝင်ရောက်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း ကြက်သွန်အဝင်များသော်လည်း ဝယ်လိုအားနည်းနေသောကြောင့် ဈေးနှုန်းကျဆင်းနေခြင်းဖြစ်ကြောင်း သိရပါသည်။
အရောင်းအဝယ်ကလည်းမကောင်းတော့ ကြက်သွန်ဈေးမတက်နိုင်သလို ယခုနှစ်ကြက်သွန်ထွက်ချိန်သည် နောက်ကျနေသောကြောင့်လည်း ကြက်သွန်ဈေးသည် ဆက်လက်၍တက်နိုင်ဖွယ်မရှိကြောင်း ကြက်သွန်စိုက်တောာင်သူတစ်ဦးကပြောခဲ့ပါသည်။
ထိုသို့ ကြက်သွန်ဈေးနှုန်းကျဆင်းခြင်းကြောင့် ကြက်သွန်စိုက်တောင်သူများ အရှုံးပေါ်လျက်ရှိကြောင်း သိရပါသည်။
Myawaddy