စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ပျဉ်ထောင်လေးကျေးရွာတွင် ဒေသခံ ၇၀ဝဝဝ ခန့်ကို အလုပ်အကိုင်များပေးနိုင်မည့် သကြားစက်ရုံနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို နှစ်နှစ်နှင့်အပြီး တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုုပ်နှံမှုကော်မတီအတွင်းရေးမှူး ဦးသန်းဇော်ဦးထံမှ သိရပါတယ်။
"မြန်မာနိုင်ငံ ဂရိတ်ဝေါဖူးလ်စတတ် အင်ဒတ်စတီရယ် ကုမ္ပဏီလီမိတက်နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အခြေစိုက် ဟောင်ကောင် အင်တာနေရှင်နယ် ရှုးဂါးအင်ဂျင်နီးယားရင်း ကုမ္ပဏီလီမိတက်တို့ ဖက်စပ်ပြီး သကြားထုတ်လုပ်ရေးလုပ်ငန်းနဲ့ ဘိုင်အိုမက်စတစ်လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းစက်ရုံများကို စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ပျဉ်ထောင်လေးကျေးရွာမှာ တည်ဆောက်သွားမှာပါ။ နှစ်နှစ်နဲ့အပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောပါတယ်။
ရင်းနှီးမြုပ်နှံမည်
တည်ဆောက်မည့် သကြားစက်ရုံသည် တစ်ရက်လျှင် ကြံတန်ချိန် ၁၀,ဝဝဝ ကြိတ်ဝါးမည်ဖြစ်ပြီး ရင်းနှီးမြှုုပ်နှံမှုအနေဖြင့် ဒေါ်လာသန်း ၁၂၀ ရင်းနှီးမြှုုပ်နှံမည်ဖြစ်ကာ သန့်ရှင်းလျှပ်စစ်စွမ်းအင် ထုတ်လုပ်ခြင်းအဖြစ် ဘိုင်အိုမက်စတစ်အင်နာဂျီမှ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၆၀ ထုတ်လုပ်သွားမည်ဖြစ်ကာ ဒေါ်လာသန်း ၈၀ ရင်းနှီးမြှုုပ်နှံမည်ဖြစ်ကြောင်း သိရပါတယ်။ စီမံကိန်းပထမအဆင့်၏ ဒေါ်လာသန်း ၂၀ဝ လက်မှတ်ရေးထိုးခြင်းကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂) တွင် ကျင်းပနေသော InvestMyanmar Summit 2019 အခမ်းအနားတွင် ပထမဦးဆုံးအဖြစ် စစ်ကိုင်းတိုင်းက ပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
နှစ်နှစ်သတ်မှတ်ထား
"စက်ရုံတည်ဆောက်ရေးလုပ်ငန်းအနေနဲ့ သကြားစက်ရုံကို ၂၀၁၉ ခုနဲ့ ၂၀၂၀ ခု နှစ်နှစ်သတ်မှတ်ထားပြီး ၂၀၂၁ ခုနှစ်လောက်မှာ စက်ရုံ စတင်လည်ပတ်နိုင်မယ် မှန်းထားတယ်။ သကြားစက်ရုံ စတင်လည်ပတ်နိုင်ပြီဆိုရင် ကြံတောင်သူ ၃၀ဝဝဝ၊ ကြံခုတ်တင်ပို့တဲ့ အလုပ်သမား ၁၈၀ဝဝ၊ ကုန်ကြမ်းကုန်ချော သယ်ပို့လုပ်သား ၄၀ဝဝ၊ စက်ရုံဝန်ထမ်း ၁၀ဝဝ၊ နေ့စားဝန်ထမ်း ၂၀ဝ စုစုပေါင်း ၅၅၀ဝ၀ ခန့် အလုပ်အကိုင် ရရှိစေမှာဖြစ်တယ်လို့ ခန့်မှန်းတွက်ချက်ထားတယ်။ သကြားနဲ့အတူ သကာရည်၊ တင်လဲရည်၊ သြဂဲနစ်ဓာတ်မြေသြဇာထုတ်မှာ ဖြစ်ပါတယ်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ လုပ်ငန်းစက်ရုံတည်ဆောက်ရေး ကာလကို ၂၀၁၉ နဲ့ ၂၀၂၀ နှစ်နှစ်သတ်မှတ်ထားပြီး စက်ရုံကို ၂၀၂၁ ခုနှစ်မှာ စတင်လည်ပတ်ဖို့မှန်းထားတယ်။ လျှပ်စစ်ဓာတ်အားစက်အတွက် လုပ်သားပေါင်း ၁၈၆၀ဝ အလုပ်အကိုင်ရမယ်။ အဲဒီထဲမှာ တောင်သူ ၉၀ဝ၊ ခုတ်သယ်စုပုံက ၆၀ဝဝ၊ သယ်ပို့က ၁၅၀ဝ၊ နေ့စားက ၁၅၀ဝ စက်ရုံဝန်ထမ်းက ၆၀ဝ ပါ" ဟု ဦးသန်းဇော်ဦးက ပြောဆိုပါတယ်။