ဟောင်ကောင် ဘီလျံနာ တိုင်ကွန်း လီကာရှင်းက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် Horizons Ventures ကို ထူထောင်လုပ်ကိုင်လျက် ရှိပြီး များမကြာခင်မှာ "စားလို့ရတဲ့ ပလတ်စတစ်" အပါအဝင် ထုတ်ကုန်တွေ ထုတ်လုပ်တော့မယ်လို့ ကုမ္ပဏီမှ ဆိုပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တကယ်ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေ ပေးအပ်မယ်လို့ မျှော်လင့်ထားတယ်။
ဟောင်ကောင်မှ လုပ်ငန်းရှင်များနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။ အရွေ့အပြောင်း မြန်ဆန်နေတဲ့ကမ္ဘာမှာ ၎င်းတို့ရဲ့ ယှဉ်ပြိုင်နိုင်စွမ်း ပိုကောင်းအောင် တိုးမြှင့်ဖို့လည်း ပူးပေါင်း လုပ်ဆောင်မှာ ဖြစ်ပါတယ်။
Horizons Ventures က ဟောင်ကောင်ရဲ့ လူသိအများဆုံး ဘီလျံနာ လီကာရှင်းရဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုလက်တံ တစ်ခု ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် မထိခိုက် မဆုတ်ယုတ်စေဘဲ ရေရှည်တည်တံ့မှု စီမံကိန်းများကို ရင်းနှီးမြှုပ်နှံပါတယ်။ စားလို့ရတဲ့ ပလတ်စတစ်၊ သားရေတု၊ အပင်ငယ်ဖြင့် ထုတ်လုပ်တဲ့ ကြက်သားတု စတဲ့ စီမံကိန်းတွေက ထုတ်ကုန်တွေကို စီးပွားဖြစ် များများစားစား ထုတ်လုပ်တော့မယ့် အဆင့်ကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။
ထင်ရှားတဲ့ အမျိုးသမီး လုပ်ငန်းရှင် Solina Chau Hoi-shuen က လီကာရှင်းရဲ့ မိတ်ဆွေအရင်းအချာတစ်ဦးဖြစ်ပါတယ်။ "များများစားစား မဟုတ်ရင် ထိရောက်မှုလည်း ရှိမှာ မဟုတ်ဘူး" လို့ မှတ်ချက်ပြုပါတယ်။
လီကာရှင်းရဲ့ ပရဟိတ အားထုတ်မှုတစ်ခုဖြစ်တဲ့ Horizons Ventures ကို ၂၀၀၂ ခုနှစ်မှာ စတင်တဲ့အခါ သူက Horizons Ventures မှာ ပူးတွဲထူထောင်သူအဖြစ် ပါဝင်ခဲ့တယ်။ လီကာရှင်းရဲ့ ပရဟိတ Li Ka Shing Foundation ရန်ပုံေငွအတွက် ဝင်ငွေရှာဖို့ Horizons Ventures ကို ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ဖို့ ဦးတည်ထားတဲ့ ပစ္စည်းအသစ်တွေ ထုတ်လုပ်တဲ့ လုပ်ငန်းငယ် အသစ်တွေမှာ ထုတ်လုပ်တဲ့ ပစ္စည်းအသစ်တွေက အလားအလာကောင်းပါလျက် အရင်းအနှီးအတွက် ရင်းနှီးမြှုပ်နှံသူ မရှိတာကြောင့် လုပ်ငန်းရပ်ထားရမယ့် အခြေအနေများကို ရင်ဆိုင်နေရတဲ့ လုပ်ငန်းငယ်အသစ်တွေမှာ Horizons Ventures က အရဲစွန့် ရင်းနှီးမြှုပ်နှံမှု ပြုပေးပါတယ်။ အဲဒီလုပ်ငန်းငယ်အသစ်ကို မြေတောက်မြှောက်ပေးပါတယ်။
လန်ဒန်အခြေစိုက် ထုပ်ပိုးလုပ်ငန်းငယ် အသစ် Notpla ရဲ့ ပထမအသုတ် ရင်းနှီးမြှုပ်နှံမှုမှာ Horizons က အရင်းအနှီး ထည့်ဝင်ခဲ့တယ်။ ပင်လယ်ရေညှိအပါအဝင် အပင်ငယ်များမှ ရရှိတဲ့ ကုန်ကြမ်းပစ္စည်းများကို အသုံးပြုပြီး ထုပ်ပိုးပစ္စည်း များကို Notpla က ထုတ်လုပ်ပါတယ်။
ရေပန်းအစားဆုံး ထုတ်ကုန်တစ်မျိုးက Ooho လို့ အမည်ပေးထားတဲ့ ရေလုံး ဖြစ်ပါတယ်။
အရောင်အနံ့အရသာမရှိ။ စားလို့ရတဲ့ အမှေးပါးနှစ်ထပ်ဖြင့် ရေကို အလုံပိတ်ပြီး သိမ်းပေးထားတယ်။ ပင်လယ်ကျောက်ပွင့်ဖြင့် ထုတ်လုပ်ထားပါတယ်။ ရေအပြင် အချို့အရည်တွေအတွက်လည်း သုံးစွဲနိုင်ပါတယ်။ ရေပူစီဖောင်းကို တစ်ငုံနှစ်ငုံစာ အလော်တော်အရွယ် ပြုလုပ်ထားပါတယ်။
Notpla က ပင်လယ်ကျောက်ပွင့်ဖြင့် စားစရာ ထည့်ယူသွားဖို့ ဘူးတွေလည်း ထုတ်လုပ်ပါတယ်။ ပလတ်စတစ်ဘူးတွေနေရာမှာ အစားထိုး သုံးစွဲလို့ ရပါတယ်။ ကမ္ဘာညစ်ညမ်းမှုမှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်း အမှိုက်ရှုပ်တာ အကြီးမားဆုံး ပြဿနာ တစ်ခု ဖြစ်ပါတယ်။
Notpla က ထုတ်ကုန်တွေကို စီးပွားဖြစ်မယ့် အရေအတွက် ပမာဏဖြင့် ထုတ်လုပ်ဖို့ ဆက်လက် လုပ်ဆောင်နေပါတယ်။