OPEC+ အဖွဲ့ဝင်နိုင်ငံများက ရေနံလျှော့ထုတ်ရန် ထောက်ခံ ပြောဆို


17 October, 2022

OPEC+ အဖွဲ့ဝင်နိုင်ငံများက ရေနံလျှော့ထုတ်ရန် ထောက်ခံ ပြောဆို


OPEC+ အဖွဲ့ဝင်နိုင်ငံများသည် ယခုလတွင် သဘောတူညီထားသည့် ရေနံ ထုတ်လုပ်မှုလျှော့ချရန်အတွက် ထောက်ခံ‌ကြောင်း တနင်္ဂနွေနေ့တွင် ထုတ်ဖော်ပြောကြားကြသည်။
အမေရိကန်အစိုးရက ရေနံလျှော့ထုတ်ကြရန် ဆော်ဒီအာရေဗျက တွန်းအားပေးခဲ့သည်ဟု စွပ်စွဲ ပြောဆိုခဲ့ပြီး နောက်ဆက်တွဲ ပြဿနာများကို ဆော်ဒီအာရေဗျက တာဝန်ယူရလိမ့်မည်ဟု မကျေမလည် ပြောဆိုခဲ့သည့်အတွက် OPEC+ အဖွဲ့ဝင်နိုင်ငံများက ရေနံလျှော့ထုတ်ရန် ထောက်ခံပြောဆိုကြခြင်းဖြင့် ဆော်ဒီအာရေဗျနှင့်အတူတကွ ရပ်တည်ကြောင်း ပြသကြသည်။


OPEC ၏ ဒုတိယအကြီးဆုံး ရေနံပို့ကုန်နိုင်ငံဖြစ်သည့် အီရတ်က OPEC+ ၏ ရေနံလျှော့ထုတ်ရန် ဆုံးဖြတ်ချက်သည် စီးပွားရေးညွှန်းကိန်းများအပေါ် အခြေခံပြီး တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

"လက်ရှိကာလမှာ မသေချာမရေရာမှုတွေနဲ့ ရှင်းလင်းပြတ်သားမှုမရှိတဲ့ ရေနံဈေးကွက်အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အကောင်းဆုံး လုပ်နည်းကိုင်ဟန်ဟာ စျေးကွက်တည်ငြိမ်မှုကို ပံ့ပိုးပေးပြီး အနာဂတ်အတွက် လိုအပ်နေတဲ့ လမ်းညွှန်မှုကို ပံ့ပိုးပေးဖို့အတွက် OPEC+ နိုင်ငံတွေကြားမှာ ပြီးပြည့်စုံတဲ့ သဘောတူညီမှုတစ်ခုရှိပါတယ်"ဟု အီရတ် နိုင်ငံပိုင် ရေနံလုပ်ငန်း SOMO မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

 အိုမန်နှင့် ဘာရိန်းတို့ကလည်း သီးခြားထုတ်ပြန်ချက်အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။ 
အထူးသဖြင့် ရုရှားနိုင်ငံအပါအဝင် အခြားအဓိကထုတ်လုပ်သူများက OPEC+ သည် တစ်နေ့လျှင် စည်ပေါင်း ၂ သန်း လျှော့ချရန်  တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 
အယ်လ်ဂျီးရီးယားစွမ်းအင်ဝန်ကြီးက ရေနံလျှော့ထုတ်ရန် အောက်တိုဘာ ၅ ရက် ဆုံးဖြတ်ချက်သည် သမိုင်းတွင်သည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောကြားသည်။ အယ်လ်ဂျီးရီးယားအနေဖြင့် အဆိုပါဆုံးဖြတ်ချက်အပေါ် အပြည့်အဝ ယုံကြည်စိတ်ချကြောင်း ပြောကြားသည်။ 
အိုမန်နိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက OPEC+ ၏ ဆုံးဖြတ်ချက်များသည် စျေးကွက်၏ ရရှိနိုင်မှုနှင့် ဝယ်လိုအားတို့၏ လက်တွေ့ကျသည့် အကြောင်းအချက်များ အပေါ်တွင်သာ အခြေခံထားကြောင်း ပြောကြားခဲ့သည်။
Source Reuters

Energy News Read 265 times