နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၇၉၉ သန်းကျော်ရှိ


15 January, 2019

၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၆၃ ခုကိုခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၇၉၉ သန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောသည်။

“နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒ အရေးကြီးတဲ့ မူဝါဒတစ်ရပ်မှာတော့ အလုပ်အကိုင်ရရှိရေးဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ရေးအတွက် ဘဏ္ဍာငွေရရှိမှုများတိုးတက်စေဖို့ လိုအပ်နေသည့် မူဝါဒများကို ချမှတ်ဆောင်ရွက်နေပါတယ်” ဟုနိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဆက်လက်ပြောကြားသည်။

၂၀၁၈ ခုနှစ်အောက်တိုဘာမှ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၅၀ ခုကိုခွင့်ပြုအတည်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်း ၅၀၀ ကျော်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီကျင့်သုံးသည့် အီလက်ထရောနစ်မှတ်ပုံတင်ခြင်းစနစ် MyCo ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်မှ ဇန်နဝါရီလ ၉ ရက်အထိ မှတ်ပုံတင်သည့်ကုမ္ပဏီ ၃၄၀၀၀ ရှိပြီး မှတ်ပုံတင်အသစ်တင်သည့် ကုမ္ပဏီ၈၉၈၂ခုရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရသိရသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ၁၉၁၄ သို့မဟုတ် ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေတို့နှင့် မှတ်ပုံတင်ထားသော တည်ဆဲကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများအားလုံးသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့်အညီ ကျင့်သုံးဆောင်ရွက်သည့် အီလက်ထရောနစ်မှတ်ပုံတင်စနစ် MyCo တွင် ၂၀၁၈ ခုနှစ်သြဂုတ်လ ၁ ရက်မှ ဇန်နဝါရီ ၃၁ ရက်အထိ ၆ လကာလအတွင်း သတ်မှတ်ပုံစံနည်းလမ်းများအတိုင်း ပြန်လည်မှတ်ပုံတင်ရန်၂၀၁၈ ခုနှစ် ဇွန်လ ၂၂ ရက်တွင်ကြေညာထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကို၂၀၁၇ခုနှစ်ဒီဇင်ဘာလတွင်ပြည်ထောင်စုလွှတ်တော်တွင် ပြဌာန်းခဲ့သည်။

Logistics Guide


 

Investment/Divestment Read 1465 times