ပြည်ပသို့ ကျွဲ ၊ နွားတင်ပို့မှုကို ပြန်လည်ခွင့်ပြုခဲ့


12 December, 2018

ပြည်ပသို့ ကျွဲ ၊ နွားတင်ပို့မှုကို ပြန်လည်ခွင့်ပြုခဲ့ပြီး တစ်နှစ်တာကာလအထိ ကန်ဒေါ်လာ ၂၆၁ ဒသမ ၂၆၄ သန်း ကျော်ဖိုး တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက လွှတ်တော်တွင် ပြောကြားချက်အရ သိခဲ့ရပါတယ်။၂၀၁၇ ခုနှစ်အောက်တိုဘာလ ၉ ရက်မှ လက်ရှိအချိန်ထိ ကျွဲ ကောင်ရေ နှစ်သောင်းရှစ်ထောင်ကျော် ၊ နွား ကောင်ရေ တစ်သိန်းရှစ်သောင်းကျော် စုစုပေါင်း နှစ်သိန်းတစ်သောင်းကျော်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး အသက်ငါးနှစ်နှင့်အထက် ကျွဲ ၊ နွားများကိုသာ တင်ပို့ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

ပြည်ပသို့တရားဝင်တင်ပို့ခွင့် မပြုသေးခင်ထိ မှောင်ခိုကျွဲ၊နွားတင်ပို့မှုများရှိခဲ့ရာ အခွန်ငွေများ ဆုံးရှုံးခဲ့ရပြီးထိုင်းနိုင်ငံ မဲဆောက်အကောက်ခွန်ဌာနမှ ရရှိသည့်စာရင်းများကို အခြေခံကာ တရားမဝင်ကျွဲနွားတင်ပို့မှုကိုလည်း ဒုတိယဝန်ကြီးကရှင်းပြခဲ့ပါတယ်။မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံဘက်သို့ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျွဲ/နွား ကောင်ရေ ၈၄၆၈၄ ကောင်၊၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၆၁၄၄၉ ကောင်နှင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ၈၆၄၆၆ ကောင်တရားမဝင်တင်ပို့ခဲ့ပြီး ထိုင်းအပြင် ဘင်္ဂလားဒေ့နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့မှုများလည်းရှိခဲ့ကြောင်း ၎င်းကဆိုခဲ့ပါတယ်။

တင်ပို့မည့် ကျွဲ/နွားများကို ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်း၊တိရိစ္ဆာန်ကျန်းမာရေးထောက်ခံချက်ထုတ်ပေးခြင်း နှင့် မွေးမြူရေးခြံလုပ်ငန်း မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း စသည်တို့အတွက် ရရှိသည့် အခွန်ငွေများကိုလည်း တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေကို ပေးသွင်းလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ရှင်းပြခဲ့ပါတယ်။ကျွဲ၊ နွား အရှင်များကို ပြည်ပသို့တင်ပို့ရာတွင် တစ်နိုင်တစ်ပိုင် မွေးမြူရေးခြံများနှင့်စီးပွားဖြစ်ခြံများအနေဖြင့် ပြည်တွင်းစားသုံးမှုနှင့် လုပ်ငန်းခွင်အသုံးပြုမှုကို မထိခိုက်စေဘဲ တည်ဆဲဥပဒေ သတ်မှတ်ချက်များအတိုင်းသာ ပြည်ပသို့ တင်ပို့ခွင့်ပြုထားသည်။ ယင်းစည်းကမ်းဖောက်ဖျက်ပါက အရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့ပါတယ်။

ကျွဲ၊ နွားများကို ပြည်ပသို့တင်ပို့ရာတွင် မူဆယ်နယ်စပ်ဂိတ်နှင့် မြဝတီနယ်စပ်ဂိတ်တို့မှ တဆင့်တင်ပို့လျက်ရှိကြပြီး ပြည်ပသို့တစ်ကြိမ်တင်ပို့ခွင့်တိုင်းအတွက် အကောင်ရေ ၁၀၀ သာ အများဆုံး သတ်မှတ်ထားကြောင်း သိရသည်။၂၀၁၈ ခုနှစ် တိရိစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး ရှေ့ပြေးစီမံချက်တွင် မြန်မာနိုင်ငံ၌ ကျွဲအကောင်ရေ ၁၈ သိန်းနှင့် နွားအကောင်ရေ ၉၇ သိန်း ရှိသည်ဟု ဖော်ပြထားပါတယ်။

 

Export, Import Read 585 times